ရေနံနဲ့ ဓါတ်ငွေ့ တူးဖေါ်မည့် ပြည်ပ ကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီများနဲ့ ဖက်စပ်လုပ်ရမည်

မြန်မာ့ ကုန်းတွင်းပိုင်း ရေနံနဲ့ ဓါတ်ငွေ့ လုပ်ကွက် (၁၈) ခုမှာ တူးဖေါ် ထုတ်လုပ်ဖို့ လုပ်ကိုင်ခွင့် တင်ဒါ ရရှိပြီးတဲ့ နိုင်ငံခြား ကုမ္ပဏီတွေဟာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ ပူးတွဲဖက်စပ် ဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ်လို့ စွမ်းအင် ဝန်ကြီးဌာန အရာရှိကြီး တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ရေနံနဲ့ ဓါတ်ငွေ့ လုပ်ငန်း လုပ်ကိုင်ခွင့် အတွက် ချိပ်ပိတ် တင်ဒါ နောက်ဆုံးရက်က ပြီးခဲ့တဲ့ သြဂုတ်လ (၂၃) ရက်နေ့ ဖြစ်ပါတယ်။ စကာတင် ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေကို ပထဝီ ဆိုင်ရာ အချက်အလက်တွေ ပေးမှာဖြစ်ပြီး၊ ကုမ္ပဏီတွေက လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာတွေ ပြန်တင်ကြရမှာပါ။ အဲဒီနောက် ရွေးချယ်ခံ နိုင်ငံခြား ကုမ္ပဏီတွေဟာ တရားဝင် ပြည်တွင်း ကုမ္ပဏီတွေနဲ့ အတူ အစုရှယ်ယာ အချိုး မည်ရွေ့ မည်မျှ ဆိုတဲ့ သဘောတူ စာချုပ်မှာ အတူတကွ လက်မှတ် ရေးထိုးကြရမယ်လို့ ဆိုပါတယ်။ ဒါဟာ ပြည်တွင်း ကုမ္ပဏီတွေ အတွက် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ အတူ ပူးတွဲ လုပ်ကိုင်ခြင်းအားဖြင့် အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ရရှိလာအောင် ရည်ရွယ်တဲ့ စွမ်းအင်ဝန်ကြီးဌာန ရဲ့ မူဝါဒသစ် ဖြစ်ကြောင်းလည်း ပြောပါတယ်။ ရေနံနဲ့ ဓါတ်ငွေ့လုပ်ကွက် (၁၈) ခုမှာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ အတူ ပူးတွဲ ဖက်စပ် လုပ်ကိုင်မယ့် ပြည်တွင်း ကုမ္ပဏီတွေဟာ စက်တင်ဘာလ (၉) ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ကြရမယ်လို့ သိရပါတယ်။