ဂျော်ဒန်က ဆန္ဒပြမြန်မာ လုပ်သားတွေကို အလုပ်ရှင်ဘက်က လစာတိုးပေးဖို့ ပြောဆို


2013.03.09
jordan_305.jpg ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်အနီး CMJ စက်ရုံတွင် ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေပုံ
Photo: RFA

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့အနီးက CMJ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေကို လုပ်သက်ပေါ်မူတည်ပြီး လစာရဲ့ ၆ရာခိုင်နှှုန်းစီ တိုးပေးမယ်လို့ အလုပ်ရှင်ဘက်က မနေ့က ပြောဆို လိုက်ပါတယ်။ အစားအသောက် ကောင်းမွန်အောင်စီစဉ်ပေးဖို့၊ အလုပ်သမား အုပ်ချုပ်ရေးမှူးတွေက အပြန်အလှန် လေးစားမှုနဲ့ဆက်ဆံဖို့၊ လုပ်ခအတွက်တလကို အမေရိကန်ဒေါ်လာ ၁၅၅ ဒေါ်လာကနေ ၁၈၅ ဒေါ်လာကြားပဲ ရနေတဲ့အတွက် တလ ၂ဝဝ သတ်မှတ်ပေးဖို့ဆိုတဲ့ အချက် ၃ ချက်တောင်းဆိုပြီး၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက် နေ့ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြနေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂ရက်မှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ ဒေသခံအလုပ်သမားဌာနက တာဝန်ရှိသူတွေကြားဝင်ပြီး၊ စက်ရုံတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အလုပ်သမားတွေကို ညှိနှိုင်းပေးကြပါတယ်။ ဒါကြောင့် အစားအသောက်ကိုလဲ ပိုမိုကောင်းအောင်စီစဉ်ပေးပြီး၊ အလုပ်သမား ကြီးကြပ်ရေးမှူးတွေကိုလဲ မြန်မာအလုပ်သမားတွေထဲက ရွေးချယ်ပြီးခန့်ပေးမယ်လို့ စက်ရုံတာဝန်ရှိသူတွေက ကတိပေးပြောဆိုသလို၊ လစာတိုးမယ့်အကြောင်းကိုတော့ မနေ့ကပြောလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလို လိုက်လျောမယ့်ကိစ္စကို တရားဝင်လက်မှတ်ထိုးပြီး ခိုင်ခိုင်မာမာချုပ်ဆိုတာမျိုး မရှိသေးတဲ့အတွက် အလုပ်သမားတွေက စောင့်ကြည့်နေတယ်လို့ အလုပ်သမားတဦးက RFA ကိုပြောပါတယ်။ တိုးပေးမယ့်နှုန်းထားတွေက လုပ်သက် ၁ နှစ်ရှိသူအတွက် အမေရိကန်ဒေါ်လာ ၁၆၄ ဒေါ်လာရမှာဖြစ်ပြီး၊ လုပ်သက် ၂ နှစ်ရှိသူက ၁၇၂ ဒေါ်လာ၊ လုပ်သက် ၃ နှစ်ရှိသူက ဒေါ်လာ ၁၈ဝ နီးပါး၊ လုပ်သက် ၄ နှစ်ရှိသူက ၁၈၇ ဒေါ်လာနီးပါးနဲ့လုပ်သက် ၄ နှစ်အထက်ရှိသူတွေက ၁၉၅ ဒေါ်လာရမယ်လို့သိရပါတယ်။ ဒါ့အပြင် လစာရဲ့ ၅ ရာခိုင်နှုန်းကို ဘောနပ်စ်ဆိုတဲ့ ဆုကြေးငွေအဖြစ် ပေးမယ်ဆိုတဲ့အကြောင်းနဲ့၊ ဒီနေ့အလုပ်ပြန်ဆင်းမယ်ဆိုရင် ဆန္ဒပြခဲ့တဲ့ရက်တွေအတွက် စက်ရုံဘက်ကဒဏ်ကြေးငွေ ဖြတ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။