ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကျောက်တစ်လုံး မြို့နယ်ခွဲ နောင်ကားကျေးရွာမှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO သိမ်းယူထားတဲ့ ယာမြေဧက ၂၀ ကျော်ပြန်ရဖို့ မြေဆုံးရှုံးခဲ့တဲ့ ပအိုဝ်း တိုင်းရင်းသား တောင်သူ ၂၅ ယောက်လောက်က ဒီနေ့ မနက်ပိုင်းက ထွန်တုံးတိုက်ပွဲဆင်နွဲခဲ့ကြပါတယ်။
စားဝတ်နေရေး အခက်အခဲတွေကြောင့် အသိမ်ခံထား ရတဲ့ ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးတာ လို့ နောင်ကားကျေးရွာက မြေဆုံးရှုံးထား တဲ့ တောင်သူတစ်ဦးဖြစ်သူ ဦးခြမ်းက စကားပြန်ကတစ်ဆင့် အခုလို ပြောပါတယ်။
“အားလုံးယူသိမ်းသွားတဲ့အတွက် သားသမီးတွေက ပညာမသင်ရတော့ဘူး၊ အဲဒီ သားသမီး မသင်တာကတော့ ပြီးသွားပြီ၊ ဒါပေမယ့် မြေးအလှည့်တော့ ကျန်သေးတယ်တဲ့၊ ဒီဟာတွေပြန်ရလို့ရှိရင် မြေးအတွက် ကျောင်းတွေဘာတွေ ထားပေးမယ်၊ စားစရိတ်တွေ ဖူလုံဖို့ လုံလုံလောက်လောက်ရှိဖို့အတွက် သူတို့ဒီမြေတွေကို ပြန်လိုချင်တယ်၊ ဒီမြေမရတော့ အစာငတ်ခံရမလို ဖြစ်နေတယ်တဲ့၊ အဲဒါကို ဒီမြေရလို့ရှိရင် စားသောက်ဖို့ပြန်လုပ်မယ်”
အဲ့ဒီယာမြေ ဧက ၂၀ လောက်ကို ၁၉၉၇ ခုနှစ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က သိမ်းယူလိုက်ပြီး အခုလက်ရှိ နောင်ကားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ စာကြည့်တိုက်၊ ကျေးလက်ဒေသဖံ့ွဖြိုးရေး သင်တန်းကျောင်းနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံ စတဲ့ အဆောက်အဦးတွေကို တည်ဆောက်ထားပါတယ်။
ဒီနေ့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြတဲ့ တောင်သူတွေက အဲ့ဒီယာမြေပေါ်က ခြံစည်းရိုးတွေကို ဖျက်ဆီးလိုက်ကြပါတယ်။ ပအိုဝ်းတောင်သူတွေက ယာမြေတွေ ပြန်ပေးဖို့ PNO အဖွဲ့ဆီမှာ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စအတွက် နိုင်ငံတော်သမ္မတ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီကိုလည်း တိုင်ကြားစာပေးပို့ခဲ့ဖူးတယ်လို့ သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရုံးကို RFA က သွားရောက်မေးမြန်းရာ မှာ ဖြေဆိုဖို့ငြင်းပါတယ်။