ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေး

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတရပ်ကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းက သဘင်ခမ်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အဖြစ် ဆက်လက် လျှောက်လှမ်းမယ့် အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်ဆက်ဆက် စနစ်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ရာမှာ စစ်အစိုးရများလည်း အမည်အမျိုးမျိုးတပ်ပြီး အုပ်ချုပ်ခဲ့ကြကြောင်း၊ တော်လှန်ရေး ကောင်စီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ နဝတ၊ နအဖတို့ ရှိခဲ့ပေမဲ့ ဒီကနေ့မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေတဲ့ အကြောင်း ကမ္ဘာသိ တရားဝင် အခမ်းအနား ကျင်းပပြီး ထုတ်ဖော် ကြေညာတဲ့ပွဲလို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့သူ NDF ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြဉာဏစိုးက ပြောပါတယ်။ အဲဒီအခမ်းအနားမှာ နိုင်ငံရေးပါတီ (၁၆) ခုနဲ့အတူ ကျောင်းသား ကိုယ်စားပြု ကိုယ်စားလှယ် တဦးနဲ့ လူထု လူတန်းစား ကိုယ်စားပြု ကိုယ်စားလှယ် တဦးတို့က သဘောထား သဝဏ်လွှာ စုစုပေါင်း (၁၉) စောင် ဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။ ကျောင်းသား ကိုယ်စားလှယ်ကို ပညာရေး ဝန်ကြီးက ရွေးချယ်ပေးခဲ့တာ ဖြစ်ပြီး၊ လူထုလူတန်းစား ကိုယ်စားလှယ်ကိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရွေးချယ်ပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ဒို့တာဝန်အရေး (၃) ပါးကို အခြေခံပြီး ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ အဆိုတင်သွင်းပေမယ့်၊ ကျန်တဲ့ နိုင်ငံရေးပါတီတွေ ကတော့ တိုင်းရင်းသား အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရေးတွေကို ဆွေးနွေးတင်ပြတယ်လို့ သိရပါတယ်။ နေပြည်တော်က ဒီအခမ်းအနားကို ပြည်တွင်းပြည်ပ သတင်းထောက်တွေလည်း တက်ရောက်ခဲ့ ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

0:00 / 0:00