သူ့အနေနဲ့ ပြင်ဆင်ချက်တွေ တင်သွင်းခဲ့တဲ့ အထဲမှာ ဆန္ဒပြတဲ့ အချိန်မှာ နိုင်ငံတော် သီချင်း သီဆိုခွင့် ဆိုတဲ့ အဆိုပြုချက်ဟာလည်း လွှတ်တော်အမတ် အားလုံးရဲ့ထောက်ခံမှု ရခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့ကိစ္စမျိုးနဲ့ ကြုံလာရမယ်ဆိုရင် နိုင်ငံတော် သီချင်းကို သီဆိုပြီး ရင်ဆိုင်ရမယ့် အခြေအနေမျိုး ပေါ်ပေါက်လာတာမျိုး ရှိနိုင်ကြောင်း၊ ဒါကြောင့် ဥပဒေမှာ အသေပိတ်မထားဘဲ ဒီကိစ္စ ထည့်သွင်းဖို့ အဆိုပြုတဲ့အခါ ပြည်ထောင်စု ဝန်ကြီးက လက်ခံလိုက်ကြောင်း၊ မိမိရဲ့ အဆိုတွေ တင်ခဲ့သမျှမှာ ဒီတစ်ခါ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။ ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက စက်တင်ဘာလ တတိယပတ်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေ မူကြမ်းကို အမျိူးသား လွှတ်တော်မှာ ဆုံးဖြတ်ချက် ယူပြီးရင်တော့ သမ္မတ လက်မှတ် ရေးထိုး အတည်ပြုမှာ ဖြစ်ပါတယ်။
