နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု

ပြန်လည် ပြင်ဆင်ချက်တချို့ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ရာမှာ မနေ့က ပြည်သူ့ လွှတ်တော်ကလည်း ထပ်မံ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

ဒီဥပဒေမူကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိဘဲ အတည်ပြုခဲ့တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က အာအက်အေ ကို ပြောပါတယ်။ အတည်ပြုလိုက်တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကြမ်းမှာ အဓိက အနေနဲ့ ပြင်ဆင်ချက် (၃) ချက် ပါဝင်ပါတယ်။ အရင် ဥပဒေမှာ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားဟာ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ အချက်ကို ဖျက်သိမ်းလိုက်ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို "ထိန်းသိမ်း စောင့်ရှောက်ရေး" ဆိုတဲ့ စကားရပ် အစား "လေးစား လိုက်နာရေး" ဆိုတဲ့ စကားရပ်နဲ့ အစားထိုးလိုက် ပါတယ်။ တတိယ အချက်အနေနဲ့ ဒီဥပဒေအရ မှတ်ပုံတင်မယ့် ပါတီဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခုကို ကိုယ်စား ပြုပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ်လို့ပြောင်းလဲထားပါတယ်။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ (၅၀) လစ်လပ်နေကြောင်း သိရပါတယ်။