အခြေခံဥပဒေနဲ့ မညီဘဲ ပြည်ထောင်စု လွှတ်တော ်ဥက္ကဋ္ဌက အတည်ပြုလိုက်တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကနေ ဥပဒေမူကြမ်းတွေ စိစစ်ပေးရေး” အဆိုကို ပြည်သူ့လွှတ်တော်က ထောက်ခံပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုကို ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ အတည်ပြုလိုက်တဲ့ ဒီအဆိုကို ကန့်ကွက်ကြောင်း နဲ့ ပယ်ဖျက်ကြောင်း မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှုးက အဆိုတင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ထောက်ခံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဥပဒေပြုရေး ကဏ္ဍကို လွှတ်တော်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် ဥပဒေကြမ်းကို သံသယရှိရင် စိစစ်ဖို့ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကို ပေးပို့ရေး ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တာဟာ လွှတ်တော်ရဲ့ အခွင့်အာဏာကို ထိပါးရာ ရောက်ကြောင်း အတိုက်အခံ လွှတ်တော်အမတ်တွေက ထောက်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို မခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
0:00 / 0:00