ခုံရုံးအဖွဲ့ဝင်တွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ပေမယ့် အတည်ပြု

2016-03-28
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်အဖြစ် လျာထားခံရသူနှစ်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး က မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ကြောင်းအဆိုတင်သွင်းစဉ်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်အဖြစ် လျာထားခံရသူနှစ်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး က မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်ကြောင်းအဆိုတင်သွင်းစဉ်
.

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်အဖြစ် လျာထားခံရသူ ၂ဦးကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်ကြောင်း ဒီကနေ့ အဆိုတင်သွင်းရာမှာ အဲဒီလိုကန့်ကွက်တာကို လွှတ်တော်မှာ ဆွေးနွေးဖို့မသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။

ခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင်တို့ကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက ကန့်ကွက်တာကို မဆွေးနွေးတော့ဘဲ အဖွဲ့ဝင်တွေကို အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာခဲ့ပါတယ်။

"နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်  ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင် တို့အား တပ်မတော် သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးရဲ့ ကန့်ကွက်ကြောင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန်မသင့်ကြောင်း ဆုံးဖြတ်တဲ့အတွက် ယင်းအဆိုနဲ့စပ်လျဉ်းပြီး ဆက်လက်ဆောင် ရွက်ရန်မရှိကြောင်း ကြေညာပါတယ်၊ ကန့်ကွက်ကြောင်း အဆိုနဲ့စပ်လျဉ်းပြီး ဆက်လက်၍ ဆောင်ရွက်ရန်မရှိတဲ့ အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များအဖြစ်၎င်း၊ ၄င်းတို့အနက်မှ ဦးမျိုးညွန့် ကို ခုံရုံးဥက္ကဌ အဖြစ်၎င်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်းကြေညာပါတယ်"

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး က ဒေါ်ခင်ဌေးကြွယ်နဲ့ ဦးတွာလ်ကျင်ပေါင်တို့ ၂ဦးရဲ့ ကိုယ်ရေးရာဇ၀င်ဖြည့်သွင်းရာမှာ အချက်အလက်မပြည့်စုံတာကြောင့် ခုံရုံးအဖွဲ့ဝင် အရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သူတို့အနေနဲ့ စစ်ဆေးဖို့ အခက်အခဲရှိတာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ခုံရုံးအဖွဲ့ကို နိုင်ငံတော်သမ္မတက အဆိုပြုသူ ၃ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ က အဆိုပြုသူ ၃ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဌ က အဆိုပြုသူ ၃ဦး စုစုပေါင်း ၉ဦး နဲ့ ဖွဲ့စည်းတာဖြစ်ပြီး ကန့်ကွက်ခံရတဲ့ ဒေါ်ခင်ဌေးကြွယ် ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က အဆိုပြုတာဖြစ်ပြီး ဦးတွာလ်ကျင်ပေါင်ကို အမျိုးသားလွှတ်တော် ဥက္ကဌ က အဆိုပြုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၅ဦးကို ကန့်ကွက်သူမရှိတဲ့အတွက် ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့