၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု


2014.11.25
dassk-minaunghlaing-305.jpg နေပြည်တော်သမ္မတ အိမ်တော်ဝင်း အစည်းအဝေးခန်းမ မှာ အောက်တိုဘာ ၃၁ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်ကြစဉ်
Photo: RFA

ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့အညီ ပြင်ဆင် သွားနိုင်ဖို့အတွက် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အဲဒီအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ပြည်သူတွေကလည်း ဒါကိုမျှော်လင့်နေကြပါတယ်၊ အဖြေက ဘာလဲကြည့်ရင် ခေါင်းဆောင်တွေဟာ မကြာမကြာ တွေ့ဆုံကြ၊ ညှိနှိုင်းကြ၊ အဖြေရှာ ကြဖို့ ပါပဲ၊ ခေါင်းဆောင်တွေ ညှိနှိုင်းရပါတော့ မယ်၊ မလုပ် လို့မဖြစ်တော့ပါဘူး၊ ပြည် သူတွေ တော်တော်များ များ ပြေးကြလွှားကြ၊ ရှာကြဖွေကြ၊ ရုန်းကန် စားသောက်ကြ နဲ့ နေကြရတာလည်း ပင်ပန်းလှပါပြီ၊ တိုင်းပြည်ရဲ့ ကံကြမ္မာကို နိုင်ငံသားတွေနဲ့အတူ ဆုံးဖြတ်ပေးကြရမှာလည်း ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေးတဲ့အချိန် မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ သာမက အဆိုမှာကျနော်တင်ပြတဲ့ ခေါင်းဆောင်ကြီး ၆ ဦး တွေ့ဆုံညှိနှိုင်းအဖြေရှာဆောင်ရွက်ဖို့ မလွှဲမသွေလိုအပ်နေပါပြီ"

နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် ၁ ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကနေ ဖွဲ့စည်းပုံပြင်ရေးအတွက်ဆိုပြီး တိုက်တွန်းအတည်ပြုခဲ့တာပါ။ ဒီအဆိုကို ကန့်ကွက်သူမရှိဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက တောင်းဆိုလာခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ပါဝင်ပြီး ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေးနဲ့ ဒလမြို့နယ်တွေမှာ လေးပွင့်ဆိုင်တေ့ွဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ ဒေသခံ ၁၀၀ ခန့်က ၂ ရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။