ဖွဲ့စည်းပုံပြင်ရင် ပုဒ်မ ၄၃၆ အရသာပြင်ဖို့ တပ်မတော် ကိုယ်စားလှယ် တင်ပြ


2014.11.17
military-members-upper-house-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်ဘက် ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။
AFP PHOTO/POOL/Soe Zeya Tun

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတချို့ကို တပ်မတော်ကပြင်ဆင်ဖို့ အကြံပြုထားကြောင်းနဲ့ တကယ်လ့ို ပြင်ဆင်မယ်ဆိုရင်လည်း ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အတိုင်းပြင်ဆင်ဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးဆွေးနွေးနေရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက အခုလို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝပြင်စရာမလိုဘူးဆိုပြီး တသတ်မတ် တည်း စွဲကိုင်နေတာမျိုး မဟုတ်ပဲနဲ့ ပြင်သင့်တာ ကို ပြင်သင့် ပြင်ထိုက်တဲ့အချိန်မှာ ပြင်နိုင်အောင် အကြံပြုချက်များကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်ပြခဲ့ပြီးဖြစ်ပါတယ်၊ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဌာန်းချက်များနဲ့ ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် က မိမိတို့ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆွေးနွေးနေတာဟာ တပ်မတော်နဲ့ ပြည်သူတွေကြားမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် ဆွေးနွေးနေတာဖြစ်ကြောင်း ဆွေးနွေးသွားပါတယ်။

"ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဝေဖန်သုံးသပ်ကြတဲ့အချိန်မှာ တပ်မတော်ရဲ့ရပိုင်တဲ့ အခွင့်အလမ်းတွေကို ပိတ်ပင်ထား တယ်၊ တားဆီးထားတယ်လို့ တချို့သောတပ်မတော်သား ကိုယ်စားလှယ်တွေက ထင်မြင်ယူဆကြောင်း လွှတ်တော်ထဲ မှာလည်း တင်ပြဆွေးနွေးသွားတာရှိပါတယ်၊ တကယ့်တကယ်တော့ ကျနော်တို့ဟာ တပ်မတော်သားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်နေတာလည်း မဟုတ်ပါဘူး၊ တားဆီးနေတာလည်း မဟုတ်ပါဘူး၊ ကျနော်တို့ တင်ပြချက်တွေဟာ ပြည်သူတွေကြားထဲကမှ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ် တဲ့အတွက် ပြည်သူ့ထက်ပိုတဲ့ အခွင့်အရေးတွေ မယူသင့်ဘူးလို့ ဒီလိုပဲယူဆတဲ့အတွက် ကျနော်တို့ တင်ပြရခြင်းဖြစ်ပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးနေ ကြရာမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ ၁၂ ဦး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၃၂ ယောက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးကြရာမှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာဒေသတွေက တိုက်ရိုက်ရွေးချယ်ပေးဖို့ကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။