နိုင်ငံတဝန်းလုံးမှာ အဂတိလိုက်စားမှုတွေ ကျဆင်းလျော့နည်းနိုင်ဖို့အတွက် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဆောင် ရွက်ပေးရေးအတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်း လိုက်ပါတယ်။
အဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက နယ်ပယ်အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေကို မကိုင်တွယ်နိုင်ရင် တရားဥပဒေစိုးမိုးမှုရှိမှာမဟုတ်ကြောင်း တင်ပြခဲ့ပါတယ်။
"အဂတိလိုက်စားမှုများကို ထိရောက်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါ က နိုင်ငံတော်ဟာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို မည်သည့်ကာလမှာရရှိမည် မဟုတ်လို့ ယုံကြည်ပါတယ်၊ ပြည်သူလူထု တခဲနက်ထောက်ခံမှုဖြင့် လက်ရှိအစိုးရအဖွဲ့အနေနှင့် တိုင်းပြည်အတွက် ကြီးမားသော ဆိုးကျိုးများပေးလျက်ရှိသည့် နယ်ပယ်အသီးသီးမှာ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်အရှိန်အဟုန်မြှင့်ပြီး ကိုယ်တွယ်ဖြေ ရှင်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို အလေးအနက် တင်သွင်း အပ်ပါသည်"
အကျင့်ပျက်ခြစားမှုတွေ အဂတိလိုက်စားမှုတွေဟာ ပြည်သူလူထုအကြားမှာ ရောဂါဆိုးသဖွယ် ဖြစ်ပေါ်နေကြောင်း နဲ့ အဲဒီလိုအကျင့်ပျက်ခြစား မှုတွေဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု တွေအတွက် အနှောင့်အယှက် အဟန့်အတားဖြစ်စေကြောင်းလည်း ဒေါက်တာသန်းဝင်းက တင်ပြခဲ့ပါတယ်။
နိုင်ငံတကာပွင့်လွင်းမြင်သာမှုအဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော် အနက် မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့် ၁၄၇မှာ ရှိနေတဲ့အတွက် ကမ္ဘာ့အလယ်မှ ရှက်စ ရာကောင်းကြောင်းနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေဟာ အဂတိလိုက်စားမှုအများဆုံးဖြစ်ကြောင်းလည်း ဒေါက်တာသန်းဝင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အလားတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ထုတ်ပြန်ထားပေမယ့် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်း တင်ပြပြီး ဒေါက်တာသန်းဝင်းရဲ့ အဆိုကို ထောက်ခံခဲ့ ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုလွှတ်တော် က ပြဌာန်းခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂ဝ၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီကော်မရှင်ထံ တိုင်ကြားစာတွေ ရောက်ရှိပေမယ့် သက်သေခိုင်မာမှုမရှိဘူးဆိုပြီး တိုင်စာအနည်း လောက် ကိုသာ အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ အစိုးရနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့အနေနဲ့ တိုင်ကြားစာတွေ မှန်ကန်မှု ရှိ မရှိကို နည်းလမ်းမျိုးစုံနဲ့ စုံစမ်းဖော်ထုတ် အရေးယူဖို့လည်း ဒေါက်တာ သန်းဝင်းက တင်ပြခဲ့ပါတယ်။
အဲဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြုပြီးနောက် ပါဝင်ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အမည်စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်။
