မြန်မာလွှတ်တော်အမတ် ၁၂ ဦး ပြန်လွှတ်ပေးဖို့ ကမ္ဘာ့ ပါလီမန်သမဂ္ဂ တောင်းဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၁၂ ဦးကို ပြန်လွှတ်ပေးဖို့နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Inter Parliamentary Union) က တောင်းဆိုလိုက်ပါတယ်။

2010.10.07
free_prisoners_manila_305_z.jpg မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ယုံကြည်ချက်တွေအတွက် သူတို့ ရပိုင်ခွင့်ရှိတဲ့အခြေခံ အခွင့်အရေးတွေကို အသုံးပြုခဲ့တဲ့အတွက် အခုလို အဖမ်းခံနေရတာဖြစ်ကြောင်း။ ဒီ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို လိုကြောင်း IPU က တောင်းဆိုထားပါတယ်။

အခုလို နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က တောင်းဆိုတာကို ထောက်ခံ ပူးပေါင်းပါဝင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်၊ NCGUB ဝန်ကြီးတဦးလည်း ဖြစ်တဲ့ ဦဘိုလှတင့်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီ IPU လို့ခေါ်တဲ့ ဒီ Inter Parliamentary Union ပေါ့နော၊ နိုင်ငံတကာ ပါလီမန်များ သမဂ္ဂအဖွဲ့နဲ့ မြန်မာနိုင်ငံအရေးကို ပူးပေါင်းဆောင်ရွက်ခဲ့တာ ကြာပါပြီ။ အဲဒီတော့ ဒီနှစ် အခုတခါ တောင်းဆိုမှုဟာလည်းပဲ တကယ်တမ်း မြန်မာနိုင်ငံမှာ တရားမျှတပြီးတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ အနေအထား ဖြစ်ဖို့ ဆိုခဲ့လို့ ရှိရင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်ကိုလွှတ်ပေးရမယ် ဆိုပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အပြည့်အဝလည်း ပူးပေါင်း ထောက်ခံထားပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရ ပြုလုပ်တဲ့ ရွေးကောက်ပွဲအပေါ် များစွာ သံသယရှိကြောင်း။ ဒီရွေးကောက်ပွဲဟာ ရိုးသားပြီး မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထပ်ဟပ်ပါရဲလား ဆိုတဲ့အချက်ကို များစွာသံသယ ဖြစ်မိကြောင်း IPU က ပြောဆိုထားပါတယ်။

ဒီအကျဉ်းကျနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရားမျှတမှု မရှိတဲ့ တရားရုံးတွေက အပြစ်ဒဏ် စီရင်တာကို ခံထားရသူတွေ ဖြစ်တယ်လို့လည်း IPU အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မက္ကဆီကို ဆီးနိတ်လွှတ်တော်အမတ် မစ္စ ရိုစီရို ဂရင်း (Rosario Green) က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။