မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ ဆွီဒင်အစိုးရကို ဟောပြောစည်းရုံး

မြန်မာ့နိုင်ငံရေး အဖြေရှာရေးမှာ နိုင်ငံတကာရဲ့ အကူအညီရရှိဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ ဗြိတိန်အခြေစိုက် ဘားမားကမ်းပိန်း(ယူကေ)အဖွဲ့ က မဇိုရာဖန်းဟာ အောက်တိုဘာ ၆ ရက် မနေ့ နေလည်က ဆွီဒင်နိုင်ငံ လွှတ်တော်ကို သွားရောက် ဟောပြောခဲ့ပါတယ် ။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တဲ့အတွက် အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပဲ အဲဒီ ရွေးကောက်ပွဲ အစား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကသာ နိုင်ငံရေး ပြသာနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ သူက ဆွီဒင်ပါလီမန်မှာ ရှင်းလင်းဟော ပြောခဲ့တယ်လို့ RFA ကို ပြောပါတယ် ။

ဒါအပြင် မနေ့ မနက်ပိုင်းကလည်း ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနကိုလည်း သွားရောက်ပြီး မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့အတွက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်းရေးမှာ ဆွီဒင်နိုင်ငံက ထောက်ခံလာအောင်လည်း တိုက်တွန်းပြောကြားခဲ့တယ်လို့ မဇိုရာဖန်းက ဆိုပါတယ် ။

ဆွီဒင် နိုင်ငံခြားရေးဌာနက အရာရှိတွေက မူအရ သဘောတူကြောင်း ပြောဆိုပေမဲ့ တရားဝင် ထောက်ခံဖို့ရာ ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့တယ်လို့ သူက ပြောပါတယ် ။