ကချင်ဘိန်းခင်းကိစ္စ လွှတ်တော်တင်ဖို့ ကြိုးစားနေ


2016.02.22
pat-jasan-620.jpg လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ Pat Jasan အဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Htoi Awng Facebook

ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာ ဘိန်းခင်းတွေဖျက်ဆီးဖို့ ရောက်ရှိနေတဲ့ Pat Jasan လူထုအခြေပြုအဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်အောင်၊ လွှတ်တော်မှာ အရေးကြီးအဆို တင်နိုင်ရေးအတွက် အဖွဲ့ကိုယ်စားလှယ်တွေ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။

Pat Jasanအဖွဲ့က ခေါင်းဆောင်သုံးဦးဟာ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တနင်္လာနေ့က တွေ့ဆုံပြီး ဝိုင်းမော်မြို့နယ်က အခြေအနေတွေကို တင်ပြခဲ့ ကြတယ်လို့ သိရပါတယ်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင်တွေဟာ  ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီးဒေသက ဘိန်းခင်းတွေ ဖျက်ဖို့အသွား၊ လုံခြုံရေးတပ်ဖွဲ့တွေ လုံခြုံရေးအရ သွားရောက်ခွင့် မပြုနိုင်ကြောင်းပြောဆိုပြီး၊ ဖေဖေါ်ဝါရီ လ ၁၆ ရက်နေ့က တားဆီးထားခဲ့ပါတယ်။ ဘိန်းခင်းဖျက်မယ့်သူတွေနဲ့ ဘိန်းခင်းပိုင်ရှင်တွေကြား ပြဿနာတက်မှာ စိုးရိမ်ရ တာကြောင့် တားဆီးထားတာလို့ ဆိုပါတယ်။ အဲဒါကြောင့် Pat Jasanအဖွဲ့ဝင်တွေ ဆဒုံး၊ ချီဖွေလမ်းခွဲမှာ ရှေ့ဆက် မသွားနိုင်ဘဲ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်ကို ရောက်ရှိနေတဲ့ လူထုအခြေပြုအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလုံကြုံထူးရော် က အခုလိုပြောပါတယ်။

"လက်မခံဘူးဆိုတာက နိုင်ငံတော်အစိုးရရဲ့ ထိန်းချုပ်ရာအောက်မှာ ရဲရော တပ်ရော ပြည်သူူ့စစ်ရော နယ်ခြားစောင့်တပ်ရော အပြည့်အဝရှိနေတဲ့နေရာပါ၊ လူထုကို လုံခြုံရေးမပေးနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး"

ပိတ်မိနေတဲ့ ကချင်ပြည်နယ် ဒေသခံ Pat Jasan အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၃၇၀၀ ဝန်းကျင် ရှိပါတယ်။

အခုလို လူထုအခြေပြုအဖွဲ့ဝင်တွေ အတားဆီးခံရတာနဲ့ ပတ်သက်လို့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း သဘောထားကြေညာချက်တစ်စောင် ဖေဖေါ်ဝါရီလ ၂၂ရက်နေ့က ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကိုပိတ်ပင်တားဆီးသူဟာ ကမ္ဘာ့လူသား အားလုံးရဲ့ ဘုံရန်သူဖြစ်တယ် လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုအခြေပြုအဖွဲ့က ဦးလုံကြုံထူးရော်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။