မြန်မာနိုင်ငံမှာ ဒုတိယနှစ်အဖြစ် ပြသနေတဲ့ လူ့အခွင့် အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် မှာ ပြသဖို့ စီစဉ်ထားတဲ့ မှတ်တမ်းရှပ်ရှင်ကားတစ်ကား နဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့ တာကြောင့် ပြပွဲ စီစဉ်သူတွေက မပြသဖို့ ဆုံးဖြတ်လိုက် ပါတယ်။
အမိုးမရှိတဲ့ကောင်းကင်လို့ အမည်ပေးထားတဲ့ အဲဒီ ရုပ်ရှင်ကားဟာ မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခ အတွင်း ဗုဒ္ဓဘာသာနဲ့ အစ္စလမ် ဘာသာဝင် အိမ်နီးချင်းအမျိုးသမီးနှစ်ဦး၊ တစ်ဦးကို တစ်ဦး ကူညီစောင့်ရှောက်ခဲ့ကြပုံ အကြောင်း ရိုက်ကူးထား တာဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာမတူကြပေမဲ့ လူသားချင်း တစ်ဦးကို တစ်ဦး ကာကွယ်စောင့်ရှောက် ကြတာကို ပြသတဲ့၊ ငြိမ်းချမ်းရေး ဖေါ်ကျူးတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
ဒါပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး Facebook လို အင်တာနက်လူမှုကွန်ရက်တွေမှာ အမုန်းပွားစေတဲ့ မှတ်ချက်တွေ၊ ရိုက်ကူးသူကို သတ်ဖြတ်မယ်၊ ရုပ်ရှင်ရုံကို မီးရှို့မယ် စတဲ့ ခြိမ်းခြောက်လှုံ့ဆော်မှုတွေ ပေါ်ပေါက် လာတာကြောင့်၊ ရုပ်ရှင်ရုံပိုင်ရှင်တွေ စိုးရိမ်လာကြပြီ၊ မပြသဖို့ ပြောဆိုကြတဲ့အတွက် အဲဒီရုပ်ရှင် ပြသဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာဖြစ်တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ကျူးဘား၊ ဘယ်လာရုစ်၊ စပိန်၊ ကွန်ဂို စတဲ့ နိုင်ငံခြား ရုပ်ရှင် (၃၅) ကားနဲ့ ၊ မြန်မာ ရုပ်ရှင်ကား ( ၃၂) ကားကို ဇွန်လ ၁၅ ရက်နေ့ကနေ ဒီကနေ့ ၁၉ ရက်နေ့အထိ အခမဲ့ ပြသနေ တာဖြစ်ပါတယ်။ အမိုးမရှိတဲ့ကောင်းကင် ရုပ်ရှင်ကားကို မြန်မာလူငယ်သုံးဦး ရိုက်ကူးခဲ့တာဖြစ်ကြောင်း၊ အခုလို မပြသဖို့ ဆုံးဖြတ်လိုက်ရလို့ ရိုက်ကူးသူတွေ အတွက် ဝမ်းနည်းကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
HRW လူ့အခွင့်အရေးအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ အခွင့်အရေးဆိုတာကို လေးစားမှုရှိလာရေးအတွက် ရုန်း ကန် လျှောက်လှမ်းရမယ့် ခရီးဟာ ဝေးနေသေးတယ်ဆိုတာဒီဖြစ်ရပ်က ပြသနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
