လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ညီလာခံ တက်ဖို့ မြစ်ကြီးနား ရောက်


2014.07.20

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့မှာ ဒီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်ကြာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့အတွက် လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ကို ရောက်ရှိနေ ပါတယ်။

ဒီတစ်ကြိမ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံဟာ အရေးကြီးတဲ့အကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က အခုလို ပြောပါတယ်။

"ဒီ NCCT အဖွဲ့ဝင်တွေကတော့ အားလုံးနီး ပါးရောက်ပါပြီ၊ လားဟူအဖွဲ့ ရခိုင်အဖွဲ့ရောက်ပြီ၊ ကရင်က ငြိမ်းချမ်းရေးကောင်စီနဲ့ သူတို့အဖွဲ့ရောက် ပြီ၊ DKBA ကတချို့ရောက်ပြီ၊ မွန်လည်း တချို့ရောက်ပြီ ပြီးတာနဲ့ သဘောတူညီချက်ရတဲ့ သက်သေလည်း တော်တော်များများ ရှိခဲ့ပြီပေါ့၊ အခုဆိုရင်ကျန်နေတဲ့ အချက်တွေ ကို ပြန်ဆွေးနွေးကြမှာပေါ့၊ ဒီတစ်ခါကျတော့ အထဲကပါဝင်ရမယ့် အသေးစိတ်အကြောင်းအရာတွေ ကို ပြန်ဆွေးနွေးတဲ့ ဆွေးနွေးပွဲလည်း ဖြစ်နေတယ်ဆိုတော့ အရေးကြီး တဲ့ ဆွေးနွေးပွဲလို့ ဆိုလို့ရ တာပေါ့လေ၊ ဒါပြီးရင် အစိုးရနဲ့ ပြန်တွေ့ဆုံဆွေးနွေးရမယ့် အချက်ဖြစ်တဲ့ အတွက်ကြောင့်မို့ နောက်တစ်ခါ ဒီလိုဆွေးနွေးပွဲက လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မယ်"

ညီလာခံတက်ရောက်မယ့် တိုင်းရင်းသားခေါင်းဆောင်တွေကို မြစ်ကြီးနားမြို့ကနေ လိုင်ဇာအထိ လမ်းခရီးတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးဖို့  မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ကချင်ပြည်နယ်အစိုးရ အဖွဲ့နဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ညီလာခံကို လိုင်ဇာမြိုု့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ညီလာခံကို ဒီနှစ်မတ်လက ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။