ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ

ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို ဒီကနေ့ သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွက်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။
2012-09-23
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
peace-movement-092112-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့တွင် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေရပ်ရန် အရပ်ဖက် အဖွဲ့အစည်းများ စုပေါင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်နေစဉ်။
RFA

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ဦးဆောင် ပါဝင်ခဲ့ကြသူတွေထဲက ကိုမိုးသွေး၊ ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက လှိုင်မြို့နယ်ရဲစခန်းကို အာမခံ (၈) ဦးနဲ့ သွားရောက် ဖြေရှင်းခဲ့ပါတယ်။

လှိုင်မြို့နယ်ရဲစခန်းမှာ စစ်ချက်တွေကို ရေးသားရာမှာ တရားခံအဖြစ် အသုံးမပြုဖို့ တောင်းဆိုခဲ့ပြီး ရဲစခန်းက သဘောတူတာကြောင့် သူတို့လေးဦး ခံဝန်လက်မှတ် ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့ကျန်ရှိနေတဲ့ မြို့နယ်ရဲစခန်းတွေထဲက ရဲစခန်း (၆) ခုကို သွားရောက်ရာမှာတော့ တရားခံအဖြစ် သုံးနှုန်းထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ လေးဦးဟာ မြို့နယ်ရဲစခန်းတွေကို သွားရောက်နေရဆဲဖြစ်ပြီး အာမခံမပါဘဲ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။