ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို သမ္မတ ကိုယ်စား ဝန်ကြီး ဦးအောင်မင်း လက်ခံရယူမည်

0:00 / 0:00

ဧပြီလ ၂၂ ရက်နေ့မှာ နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခများ ဖြေရှင်းရေးအဖွဲ့က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ချီးမြှင့်တဲ့ ၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆုကို သမ္မတကိုယ်စား ဝန်ကြီးဦးအောင်မင်းက လက်ခံရယူမယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံရောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဘယ်လ်ဖတ်မြို့မှာ အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု နယူးယေက်မြို့ကို ခရီးဆက်ပါလိမ့်မယ်။

ဒီအတောအတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ်နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရက လက်နက်ကိုင်တိုင်းရင်းသား ၁၁ ဖွဲ့ရှိတဲ့အနက် အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မိမိတို့ဆွေးနွေးခဲ့ကြောင်းနဲ့၊ ကချင်ပြည်နယ်မှာ ထာဝရအပစ်ရပ်ရေးအတွက် ရှေ့ဆက်ညှိနှိုင်းဖို့ လိုအပ်ချက်တွေကို သဘောတူခဲ့သလို၊ မိတ္ထီလာအရေးအခင်း နောက်ပိုင်းအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းစွာယှဉ်တွဲနေနိုင်အောင် ကြိုးပမ်းရေးမှာ ဆက်လက်ကူညီသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆွေးနွေးပြီး၊ ဒေသတွင်းမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးဖို့ကိုလည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံက အသိအမှတ်ပြုလောက်တဲ့ အပြောင်းအလဲတွေ ဖေါ်ဆောင်တဲ့နေရာမှာ ဝန်ကြီးဦးအောင်မင်းရဲ့ ပါဝင်ဆောင်ရွက်မှုတွေအတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူဖို့ ကတိပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေက အသိအမှတ်ပြုခဲ့ကြကြောင်းနဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး၊ ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ ဗြိတိန်အစိုးရအနေနဲ့ တတ်နိုင်သမျှ အဖက်ဖက်က အားပေးကူညီသွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးအောင်မင်းနဲ့အတူ လိုက်ပါလျှက်ရှိတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။