ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSPP/ SSA မြောက် ပိုင်းအဖွဲ့တို့ ဆွေးနွေး


2013.07.14

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့က အတွင်းရေးမှူး ကြောက်ဝ်ခွန်ဆိုင်း ဦးဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့က ၂ နာရီကြာ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချူပ်က တိုင်းရွှေလီရိပ်သာမှာ ဇူလိုင် ၁၃ ရက်နေ့ နေ့လည် ၁ နာရီက SSPP ခေါင်းဆောင် အတွင်းရေးမှူး ကြောက်ဝ်ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်နဲ့ ဦးသိန်းဇော် အပါအဝင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ္ဋ်တို့ ပါဝင်တဲ့အဖွဲ့ဟာ နှစ်ဖက်တပ်ဖွဲ့တွေ မကြာခဏ ပစ်ခတ်မှုဖြစ်ပွားနေတဲ့ ကိစ္စအပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ SSA မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက  ပြောပါတယ်။

" သူတို့က အဓိက ဝ နဲ့ပဲလေနော့်၊ ဝ နဲ့ သူတို့ ဆွေးနွေးပြီး ကျနော်တို့ဖက် ပတ်လာတဲ့သဘောမျိုးပါ၊ တွေ့ဆုံတာတော့ ချုံပြီးပြောရရင်တော့ ကျနော်တို့တန့်ယန်းမှာ တွေ့တုန်းက ဒီ ၄ ချက်ထဲပါတဲ့ အတိုင်းပေါ့၊ အဲ့ဒါ လိုက်နာသွားဖို့ နှစ်ဖက်တပ်ကို ထိန်းသွားဖို့ပါ၊ ကျန်တဲ့ဟာတော့ ဒေသဖွံ့ဖြိုးရေးတွေပါ၊ လက်မှတ်တွေ ဘာတွေထိုးတာတို့  သဘောတူညီချက်ရတာတို့ မရှိဘူး "

ရှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က SSA မြောက်ပိုင်းတပ်ဖွဲ့ အခြေစိုက်နေရာယူထားတဲ့ တာဆမ်ပူ တပ်စခန်းကို အစိုးရဖက်ကနေပြီး ဆုတ်ခွာပေးဖို့ ညွှန်ကြားခဲ့ပြီး SSPP ဝမ်ဟိုင်း ဌာနချူပ် အနီးက တပ်စခန်းတစ်ခုကိုလည်း စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁၇ က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝိုင်းထားခဲ့တာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ SSPP ဖက်က ပြောဆိုဆွေးနွေးတာမရှိခဲ့ပဲ  စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ္ဋ်က ပြီးခဲ့တဲ့ ကာလတွေကဖြစ်ပွားခဲ့တာ တွေနဲ့ပတ်သက်ပြီး ဗွေမယူပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှစ်ဖက် ဦးတည်လုပ်ဆောင်သွား စေလိုကြောင်း ပြောဆိုခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

"ဗိုလ်ချူပ်ကြီး အောင်သန်းထွဋ္ဋ်ကတော့ အောက်ခြေက ပြသနာတွေမပြောတာ ကောင်းပါတယ်တဲ့၊ ပြောရင်လည်း သူတို့ဆီမှာလည်း အချက်အလက်တွေ အများကြီးရှိတာပေါ့၊ အဲ့ဒါတွေ ပြောရင်လည်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်ရှာသလို ဖြစ်နေမယ်၊ အဲ့ဒီ ရှေ့လျှောက် ကျနော်တို့ ကောင်းအောင်ပဲ လုပ်ဆောင်သွားကြရအောင်ဆိုတော့ အဲ့ဒီကိစ္စတွေလည်း မပြောဖြစ်တော့ဘူး"

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားကြပေမယ့် အစိုးရတပ်ဖွဲ့က မကြာခဏဆိုသလို SSPP တပ်စခန်းတွေကို ဆုတ်ပေးခိုင်းတာတွေရှိပြီး ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။

လက်ရှိ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ နယ်မြေအတွင်းမှာ အစိုးရတပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုတွေရှိနေသေးပေမယ့် တိုက်ပွဲဖြစ်ပွားတာတွေတော့မရှိဘူးလို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ SSA မြောက်ပိုင်း တပ်ဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပြစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။