ဝန်ကြီး ဦးအောင်မင်းဟာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB တို့နဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ် မြန်မာ့အသံ DVB တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်း အခြေအနေတွေကိုသာ အပြန်အလှန် ပြောဆိုဆွေးနွေးတာသာ ဖြစ်ကြောင်း မဇ္ဈိမသတင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အလားတူ ဝန်ကြီး ဦးအောင်မင်းဟာ မနေ့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS နဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ခုလို တိုင်းရင်းသား အဖွဲ့တွေနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင် အဖွဲ့အစည်းတိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ မိုင်းအိုက်ပုန်းက ဒီကနေ့ ပြောဆိုပါတယ်။ ဝန်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ဟာ ဒီကနေ့ မွန်းလွဲ ပိုင်းမှာ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်း ထောက် ကိုအောင်မြတ်စိုးက တင်ပြထားပါတယ်။
0:00 / 0:00