ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒပြနေကြတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီကနေ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က သံမှိုရွာကို ရောက်ရှိနေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့  UNFC တွေ့ဆုံ ဆွေးနွေးခဲ့တာနဲ့  ပတ်သက်ပြီး လမ်းလျောက်အဖွဲ့ ခေါင်းဆောင် ကိုရဲထွဋ်က RFA ကို အခုလို ဝေဖန်ပြောဆိုပါတယ်။
"လွှတ်တော်ထဲမှာ ပြောနေတဲ့အသံတွေ ကျနော်တို့လူငယ်တွေ ကြားနေရတယ်၊ လွှတ်တော်ထဲမှာရှိတဲ့ လူကြီးတွေကိုလည်း ပြောချင်တာက လူကြီးကလူကြီးစကား ပြောပေးကြပါ၊ ဒီဆွေးနွေးညှိနှိုင်းမှုမှာလည်း အပြုသဘောဆောင်ပြီးတော့ လုပ်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်၊ ငြိမ်းချမ်းရေးကို ဒီစစ်ပွဲလေး ခဏရပ်ပေးတာက ငြိမ်းချမ်းရေး မဟုတ်ပါဘူး၊ ရာသက်ပန် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးပါလို့ အဲလူကြီးတွေအားလုံးကို ကျနော်ပြောချင်ပါတယ်ခင်ဗျ"
သူတို့အဖွဲ့ဟာ ရန်ကုန်ကနေ လိုင်ဇာကို ထွက်ခွာလာတာ ဒီကနေ့ဆိုရင် တလနဲ့ ၂ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ လမ်းလျှောက်ခဲ့တာ အခုဆိုရင် မိုင်ပေါင်း တစ်ထောင်ကျော် ခရီးပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့က လမ်းလျှောက်သူတွေအနေနဲ့ ကျန်းမာရေးအရ ကောင်းမွန်နေပေမဲ့ ခြေထောက်နဲ့ ပတ်သက်တဲ့ ဒဏ်ရာအနာတရဖြစ်မှုတွေ အများဆုံး ကြုံတွေ့ခံစားနေရတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မြင်းခြံမြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့အဖွဲ့ဟာ ကသာမြို့နယ်ကို ရောက်ရှိနေပြီး အခုဆိုအဲဒီအဖွဲ့မှာ လူအယောက် ၂ဝ နီးပါးတိုးလာတယ်လို့ သိရပါတယ်။