တောင်သူလယ်သမားတွေ တွေ့ကြုံ ခံစားနေရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး တောင်သူ လယ်သမားတွေကနေ အစိုးရထံ ပေးပို့တဲ့ အချက် ၆ ချက်ပါ အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း ထုတ်ပြန်ခဲ့ ပါတယ်။ ဒီအခမ်းအနား ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး လယ်သမားရေး ဆောင်ရွက်နေတဲ့ ၉ မြို့နယ် လယ်သမား ကွန်ရက်မှာ ဦးဆောင် ပါဝင်တဲ့ ဦးသန်းဆွေက အခုလိုပြောပါတယ်၊“၉ မြို့နယ် ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ကျင်းပပါတယ်။ အဲဒီ လယ်သမားနေ့ ဂုဏ်ပြုအခမ်းအနားကို ကျွန်တော်တို့ အိုးစည် ဗုံမောင်းနဲ့ လုပ်ပါတယ်။ ကျွန်တော်တို့ ဒီကနေပြီးတော့ ထူးထူးခြားခြားကတော့ ဆုံးဖြတ်ချက်တရပ် လုပ်လိုက်တယ်။ အဲဒီ ဆုံးဖြတ်က ကျွန်တော်တို့ အစိုးရ မြေပိုင်ရှင်စနစ်ပေါ့၊ အဲဒါကို ကျွန်တော်တို့က ဖျက်သိမ်းပေးဖို့ပေါ့ဗျာ၊ လယ်သမားတွေ ကိုယ်ပိုင် ကိုယ့်လယ်ကို ကိုယ်ပိုင်ဖို့ ပေါ့နော်။ လယ်လုပ်သူ လယ်ပိုင်ခွင့်ပေါ့ နော်။ လယ်လုပ်ပိုင်ခွင့် မဟုတ်ဖူး၊ လယ်ပိုင်ခွင့် အဲဒီ အဲဒီ အချက်ကို ကျွန်တော်တို့က တောင်းဆိုကြောင်း ဆုံးဖြတ်တယ်ပေါ့ဗျာ။”အခုခေတ် လယ်သမားတွေဟာ စစ်အစိုးရနဲ့ အပေါင်းပါ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ် ဖိနှိပ်တာကို ခံနေရပြီး၊ တိုင်းပြည်အနှံ့မှာ လယ်သမားတွေဟာ လယ်ယာမြေတွေ အဓမ္မသိမ်းယူတာကို ခံနေရကြောင်း၊ ဒါကြောင့် တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊ ဒီကနေ့ အစိုးရထံ ပေးအပ်တဲ့ အိတ်ဖွင့်ပေးစာထဲမှာ လယ်သမားတွေ လယ်ယာပိုင်ဆိုင်ခွင့်ရရှိဖို့်၊ ချေးငွေနဲ့ ဓာတ်မြေသြဇာ လုံလောက် ကောင်းမွန်စွာ ရရှိဖို့၊ အထွက်နှုန်းကောင်းပြီး မျိုးသန့်တဲ့ မျိုးစေ့တွေကို အစိုးရကိုယ်တိုင် ဦးဆောင် ထုတ်လုပ်ပေးဖို့၊ လယ်ယာမြေကို လယ်သမားတွေ ရောင်းချ လက်လွဲှပြောင်းခွင့် ရှိဖို့ ၊ ထွက်တဲ့ သီးနှံတွေကို လွတ်လပ်စွာ ရောင်းချခွင့် ရှိဖို့ စတဲ့အချက်တွေ ထည့်သွင်း ဖော်ပြထားပါတယ်။ပဲခူးတိုင်း၊ မကွေးတိုင်းအတွင်းက လယ်သမားအရေး ဆောင်ရွက်နေသူတွေ၊ အန်အယ်ဒီ အဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း လူ ၂၀၀ လောက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
