ပဲခူးတိုင်းမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်

0:00 / 0:00

မတ်လ ၂၅ ရက် မနေ့ညက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဲ့ဒီခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်မှာ မတ်လ ၂၆ ရက် ဒီကနေ့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။

ည ၇ နာရီကနေ မနက် ၅ နာရီအထိ လမ်းမပေါ်မထွက်ရဆိုတဲ့အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပြီး မြို့နယ်တွေအတွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာ အသိပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေက မင်းလှ၊ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း၊ အုတ်ဖို၊ အိုးဘိုကုန်းနဲ့ မိုးညိုမြို့နယ်တွေ ဖြစ်ပါတယ်။

မနေ့ညက အုတ်ဖိုမြို့နယ်မှာ ဗလီကျောင်းတွေနဲ့ လူနေအိမ်တွေ ဖျက်ဆီးခံခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လဲ ဒေသခံ ကိုမောင်ဇော်က RFA ကို ပြောပါတယ်။

"အုတ်ဖိုမြို့မှာ ဗလီဖျက်တယ်၊ ဖျက်တဲ့အခါကျတော့ ရဲကနေပြီးတော့ ဖိုက်ဘာကျည်နဲ့ပစ်တယ်၊ လူ ၆ ယောက်ဆေးရုံတင်ရတယ်၊ အဲမှာအိမ်ခြေကတော့ ၅ လုံးလောက် ပျက်တယ်ပေါ့၊ ဗလီကျောင်းပျက်တယ်၊ နွားတွေကို ဖြေလွှတ်တယ်၊ လူတွေတော့ ဘာမှထိခိုက်ဒဏ်ရာရတာမရှိဘူး၊ ခုညဆိုရင်တော့ သာယာဝတီခရိုင် ၇ မြို့နယ်ကို ၁၄၄ ထုတ်တယ်"

အလားတူ စစ်ကွင်းမြို့နယ်မှာလည်း မနေ့ညက ဒေသခံမဟုတ်တဲ့ လူအတော်များများ မော်တော်ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာပြီး မြို့ပေါ်မှာရှိတဲ့ ဗလီကျောင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံလူငယ်ကွန်ရက်ခေါင်းဆောင် ကိုကျော်သက်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ပြည်ခရိုင်အတွင်းက မြို့နယ်တွေမှာလည်း အာဏာပိုင်တွေက ဒီကနေ့လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပြီး နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေလည်း မြို့ကိုလူစိမ်းတွေမဝင်အောင် စောင့်ကြည့်နေကြတယ်လို့ ပေါင်းတည်မြို့ခံတစ်ဦးက ပြောပါတယ်။

မိတ္ထီလာ အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။