ကချင်ပြည်နယ် လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ ကျောက်မျက်ရတနာ တူးဖော်တာ၊ ရေမဆေးကျောက် ရှာဖွေတာ၊ စမ်းသပ်တိုင်းတာတာ၊ လက်ဝယ်ထားပြီး ရောင်းဝယ်သယ်ယူတာတွေ မလုပ်ဖို့ လုံးခင်းကျောက်စိမ်း တူးဖော်ရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာလိုက်ပါတယ်။
အဲ့ဒီကြေညာချက်ဟာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက်နေတဲ့ အခြေခံပြည်သူတွေ စားဝတ်နေရေး အတွက် ထိခိုက်စေတယ်လို့ ဖားကန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
"ကျနော်တို့ ဖားကန့်ဒေသမှာဗျာ တောင်ယာလည်းခုတ်လို့မရဘူး၊ လယ်လည်းလုပ်လို့မရဘူးဗျာ၊ ဥပဒေဆိုတာဟာ ပြည်သူလူထုကို ကာကွယ်ပေးဖို့ပြဌာန်းထားတာ ဖြစ်တယ်ဗျ၊ ပြည်သူလူထုကို ဖိနှိပ်ဖို့၊ တဘက်စောင်းနင်းနဲ့ ကုမ္ပဏီထောင်နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ခရိုနီတွေကိုတော့လုပ်စား၊ ဆင်းရဲသား ကျနော်တို့ ပြည်သူလူထုကိုတော့ မလုပ်နဲ့ဆိုတာမျိုး ဒီလိုကန့်သတ်လို့မရဘူးဗျ၊ အားလုံးက တပြေးညီဖြစ် ရမယ်၊ အဓိက ဒီဥပဒေကိုက ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေကပဲ၊ ကျန်တဲ့သူ လုပ်ခွင့်မရှိဘူးလို့ပဲ ဒါခွဲခြားပြဌာန်းလိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်"
ပြီးခဲ့တဲ့အစိုးရသက်တမ်းကုန်ခါနီးမှာ ပြည်ထောင်စုလွှတ်တော်က မြန်မာ့ကျောက်မျက်ဥပဒေကို အတည်ပြုခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီဥပဒေအရ ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်ရင် အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အဲ့ဒီဥပဒေဟာ အစိုးရ၊ ကျောက်မျက်လုပ်ငန်းရှင်၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူတွေနဲ့ ဒေသခံပြည်သူတွေ အပါအဝင် နိုင်ငံသားတိုင်းအားလုံးကို တန်းတူ အကာအကွယ်ပေးနိုင်အောင် ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့ ဦးတင့်စိုးက ပြောပါတယ်။
လုံးခင်း-ဖားကန့်နယ်မြေမှာ နေရာဒေသအသီးသီးကနေ ရေမဆေးကျောက်ရှာဖွေသူတွေ တနိုင်တပိုင်ကျောက် တူးဖော်သူတွေ ဒေသခံတွေ သိန်းနဲ့ချီရှိပြီး ဒီကြေညာချက်ကြောင့် ကျောက်တူးဖော်ခွင့် ရှာဖွေခွင့် ရှိမှာ မဟုတ်တော့ပါဘူး။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်း ထားပါတယ်။