ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကရင်ချောင်ရွာအနီးက ရွှေဂေါင်ဂေါင် ကျောက်လုပ်ကွက်မှာ ဒီကနေ့မနက်က ကမ်းပါးပြိုကျတာကြောင့် ကျောက်စိမ်းတူးနေသူ သုံးဦး သေဆုံးခဲ့ပါတယ်။
ကျောက်ကျင်းကို အောက်ခြေကနေ တူးနေတုန်း သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိပ်မူရွာက သခါၤလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင် က ပြောပါတယ်။
"၃ ယောက်လုံး ပိကျပြီးတော့ သေသွားတယ်၊ ဆေးရုံမှာစစ်ဆေးခံပြီးတော့ အခုသဂြိုဟ်ဖို့လုပ်နေပြီ ၊ မြေစာပုံမှာဖြစ်တာ မဟုတ်ဘူး၊ နောက်က ကျင်းတူးတဲ့နေရာမှာဖြစ်တာ၊ ကုမ္ပဏီနဲ့မဆိုင်ဘူး၊ ကိုယ့်ဟာကိုယ် ကျင်းတူးတာကနေဖြစ်တာ၊ ညမတူးရင်တော့ ကောင်းတာပေါ့၊ ညဆိုရင်တော့ မမြင်ရဘူးလေ၊ မမြင်ရတော့ သတိမထားနိုင်ဘူး၊ နေ့ဆိုရင်တော့ မြင်နေရတာပေါ့၊ ၂ဝ ကျော်လေးတွေ ဆိုတော့ တူးဖို့ဟာလောက်ပဲသိတယ် အန္တရာယ်ကို သိပ်မမြင်ဖူးသလိုဖြစ်နေတယ်"
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်တပိုင် ကျောက်တူးဖော်နေသူတွေဟာ ရေမဆေးကျောက်ရှာ ရင်း မြေစာပုံပြိုကျလို့ သေဆုံးမှုတွေရှိသလို လုပ်ကွက်ကျောက်ကျင်းတွေရဲ့ အောက်ခြေကနေ တူးဖော်ရာမှာ ကမ်းပါးပြိုကျလို့လည်း မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူရွာအနီး ကန်ခမ်စုပေါင်း စွန့်ပစ်မြေစာပုံပြိုကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလာရောက်လုပ်ကိုင်နေသူ နှစ်သိန်းဝန်းကျင် ရှိပါတယ်။
