ကချင်ပြည်နယ်၊ဖားကန့်ဒေသကစိမ်းလဲ့အောင် ကျောက်စိမ်းလုပ်ကွက်မှာဒီကနေ့မနက်ပိုင်းက ကျောက်စိမ်းတွင်းတွေ မှာ မြေပြိုမှုဖြစ်ပွားခဲ့တဲအတွက် ကျောက်စိမ်းတူးဖော်နေသူ ၃ ဦး သေဆုံးပြီး၊ ၁ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်စိမ်းတူးဖော်သူတွေဟာ တောင်ခြေကနေ လှိုဏ်ခေါင်းတူးပြီး ကျောက်စိမ်းရှာဖွေစဉ် တောင်ပေါ်ကမြေတွေက တဖြည်းဖြည်းနိမ့်ဆင်းလာပြီး ပြိုကျခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်က ၉ နာရီမှာ ဖြစ်သွားပါတယ်ခင်ဗျာ၊ တနိုင်တပိုင် ရေမဆေးကျောက် တူးကြပါတယ်ခင်ဗျာ၊ ပေါက်ပြားတွေနဲ့ တူးကြတဲ့အခါမှာ မြေပိပြိုကျတာ ၄ ယောက်မှာ ၃ ယောက်က သေဆုံးသွားပါတယ်၊ တစ်ယောက်ကတော့ အပြင်းအထန်ဒဏ်ရရပါတယ်”
ဒဏ်ရာရသူတစ်ဦးကိုတော့ လုံးခင်းဆေးရုံမှာ တက်ရောက်ကုသပေးနေတယ်လို့ သိရပါတယ်။
ဒီကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ မကြာခဏ မြေပြိုတာတွေရှိပြီး ဒီမေလထဲမှာတင် မြေပြိုမှု ၃ ကြိမ်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာပြည်အနှံ့က ရွှေ့ပြောင်းရောက်ရှိလာတဲ့ ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်သူတွေ သောင်းနဲ့ချီနေထိုင်နေတယ်လို့ သိရပါတယ်။