မြန်မာကျောင်းသားတွေကို ဖိလစ်ပိုင်လူငယ်တွေ ထောက်ခံ

အမျိုးသားပညာရေးဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် ခရီးရှည်ချီတက်ဆန္ဒပြခဲ့ကြလို့ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခံခဲ့ကြရတဲ့ မြန်မာနိုင်ငံက ကျောင်းသား ကျောင်း သူတွေ အားပေးထောက်ခံကြောင်း ဖိလစ်ပိုင်နိုင်ငံက လူငယ်အဖွဲ့တွေက ပြောပါတယ်။

NUSP ခေါ် ဖိလစ်ပိုင် အမျိုးသားကျောင်းသားများသမဂ္ဂ က မြန်မာအစိုးရကို ဖက်ဆစ်လို့ သမုတ်လိုက်ပြီး၊ ဒီမိုကရေစီစံနှုန်း၊ တရားဥပဒေစံနှုန်းတွေနဲ့အညီ တောင်း ဆိုဆန္ဒပြခဲ့ကြတဲ့ မြန်မာကျောင်းသားတွေအပေါ် အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခဲ့တဲ့ မြန်မာအစိုးရကို ရှုတ်ချကြောင်း၊ မြန်မာနဲ့ဖိလစ်ပိုင်လို ဖက်ဆစ်အစိုးရတွေ ဟာ သူတို့ဘာသာ ကျဆုံးသွားမှာကလွဲပြီး။ တခြား ဘာအကျိုးအမြတ်မှ ရရှိကြမှာမဟုတ်ကြောင်း၊ ဒီမိုကရေစီမဆန်တဲ့၊ ကျောင်းသူကျောင်းသားကို ဖိနှိပ်တဲ့၊ ပြည်သူကိုဆန့်ကျင်တဲ့ မူဝါဒတွေကို လူထုက နှစ်ခါမစဉ်းစားဘဲ ဆန့်ကျင်ကြ မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ အက်ဂဘာယန် လူငယ်အဖွဲ့လည်း ကျောင်းသားတွေကို ရက်ရက်စက်စက် ဖြိုခွဲတာဟာ မြန်မာနိုင်ငံ အနေနဲ့ ဖိနှိပ်တဲ့နိုင်ငံပြန်ဖြစ်လာဖို့ နောက်ပြန်လျောနေပြီဆိုတာ ပြသနေတာဖြစ်တယ်၊ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဝမ်းနည်းကြေကွဲဖွယ် ပုံရိပ်တွေဟာ ဒီမိုကရေစီယောင်ဆောင်ထားတဲ့ မြနိမာအစိုးရရဲ့ မျက်နှာဖုံးကို ခွာချပြလိုက် တာဖြစ်တယ်လို ထုတ်ပြန်ခဲ့ပါတယ်။