ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် သမတ နှုတ်ဆက်စကားဆို

မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာကို ဝမ်းမြောက်ကြောင်း တယ်လီဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ် ပြောကြားစဉ်မှာ ဖိလစ်ပိုင် သမ္မတ မစ္စတာ ဘီနီနို-အာကွီနိုက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
"ဖိလစ်ပိုင် သမတက ဒီနေ့ညနေ ၃ နာရီ ၄၅ မိနစ်မှာ သမတ နန်းတော်ကနေပြီးတော့ သူတိုက်ရိုက်ခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက်ပါတယ်။ ဖုံးဆက်ပြီးတော့ ဝမ်းမြောက်ကြောင်းပေါ့။ ပြည်ရေး တာဝန်တွေကို အောင်မြင်စွာ ဆက်လက် ထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းကြောင်း သူပြောတယ်။" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်သမ္မတကြီးတို့ တယ်လီဖုန်း ပြောဆို အပြီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး အင်ဒရူး ဟိန်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးတယ် ဆိုတာနဲ့ ပတ်သက်ပြီး NLDက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ကို စစ်အစိုးရက မြန်မာနိုင်ငံကို လာရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ကိုထိန်လင်းဟာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်မယ့်ရက် မတိုင်ခင် နိုဝင်ဘာ ၃ ရက်နေ့ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ပေမယ့် နေပြည်တော်က ညွှန်ကြားချက် မရသေးတာကို အကြောင်းပြပြီး ကြာမြင့်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စစ်အစိုးရက ဗီဇာထုတ်ပေးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အာဏာပိုင်များကို ကျေးဇူးတင်စကား ထုတ်ဖော် ပြောဆိုကြောင်းနဲ့ ကိုထိန်လင်း မနက်ဖြန် မနက် မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ "နေ့ခင်းတုန်းက ကျနော်တို့သိပါတယ်။ ဗီဇာရပြီဆိုတာ။ သူက အကြောင်းကြားတာ။ ဗီဇာရပြီဆိုပေမဲ့ သူက air ticket နဲ့ တခါထပ်သွားရတယ်လို့ အဲလိုလည်း သိရတယ်။ ဗီဇာရတာတော့ သေချာပါတယ်။ ကျနော်တို့ ခန့်မှန်းချက် ကတော့ မနက်ဖြန် မနက် ရောက်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်စုကြည်ပြောတဲ့ စကားလေး ကျနော် ပြောပြချင်ပါတယ်။ မတွေ့တာ ကြာပြီဖြစ်တဲ့ သားငယ်ကို တွေ့ရမယ် ဆိုတော့ သူ အရမ်း ဝမ်းသာပါတယ်တဲ့။ ဗီဇာပေးလိုက်တာကိုလဲ အထူးကျေးဇူးတင်ပါတယ်တဲ့။ အဲလိုပြောပါတယ်။" ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်း သားဖြစ်သူနဲ့ ပထမဦးဆုံး အကြိမ် အဖြစ် ပြန်လည် တွေ့ခွင့်ရတာ ဖြစ်ပါတယ်။