ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူမည်ဆိုခြင်းကို ဖိလစ်ပိုင်ဝန်ကြီး မယုံကြည်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နိုင်ငံရေးလောကမှ နားမယ်ဆိုတာ မယုံဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အာဏာကို လက်မလွှတ်တမ်း ယူထားတဲ့သူက ရုတ်တရက် အနားယူ သွားလိမ့်မယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောတာပါ။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း တခြားနိုင်ငံက သံတမန်တွေကို လာမဲ့ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရွေးခံမှာ မဟုတ်ဘူးလို့ ပြောကြောင်း သိရပါတယ်။ အဲဒီ စကားအပေါ်မှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မယုံကြောင်း တုံ့ပြန်ပြောလိုက်တာပါ။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရိုမြူလို က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အရွေးမခံဘူးလို့ ပြောပေမဲ့ အရွေးမခံလည်း သူတို့ တင်မြှောက်ချင်ရင် တင်မြှောက်ခွင့် ရှိနေတာပဲလို့ ပြောပါတယ်။ စစ်အစိုးရ သွားနေတဲ့ လမ်းကြောင်းက သမတနဲ့ ဒုတိယ သမတဟာ အရွေးခံစရာမလိုပဲ ၊ ခန့်အပ်ပိုင်ခွင့် ပေးထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သမတရာထူး ဒါမှမဟုတ် အာဏာကို ထိန်းချုပ်ထားလို့ ရတဲ့ နေရာကို ယူထားဦးမှာပဲလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။