ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတွေ့ဆုံမှု ဖိုးလပြည့်ရေးသား

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့်ခေါ် ကိုနေရွှေသွှေးအောင်ရဲ့ Facebook စာမျက်နှာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ နေပြည်တော်က ဦးသန်းရွှေအိမ်မှာ ၄ ရက်နေ့ က တွေ့ဆုံခဲ့ကြောင်းနဲ့ ဒီစာကို နှစ်ဘက်ခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ပါသည်ဆိုပြီး စာတစ်စောင် မနေ့ က ရေးထားပါတယ်။

အဲဒီစာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောစကားအဖြစ် “တိုင်းပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့် အာဃာတတရားများ မိမိတွင် လုံးဝမရှိ၊ အနာဂတ်မြန်မာနိုင်ငံတော် အောင်မြင်စွာတည်ထောင်နိုင်ရေးနှင့် တပ်မတော်အပါအဝင် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး တို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံဆွေးနွေးလို" ဆိုပြီးဖေါ်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ- သူ့အဖိုး ဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ က"ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်။

သူမအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်လို့ပြောဆိုကြောင်း ဖေါ်ပြထားပါတယ်။

ဒ့ါအပြင် ကိုနေရွှွေသွေးအောင်က လူထုအပေါ် ဒေါ်အောင်ဆန်းစုကြည်က သြဇာရှိသလို တိုင်းပြည်ကို အနှစ် ၂ဝ အုပ်ချုပ်လာတဲ့ သူ့အဖိုးကိုလည်း လက်ရှိခေါင်းဆောင်တွေက လေးစားမှု အမြဲရှိနေမှာဖြစ်ပါတယ်။ မိသားစုတစ်စုတွင် ဖခင်သဖွယ်ဖြစ်တဲ့ တပ်မတော်ခေါင်းဆောင်နှင့် မိခင်ကဲ့သို့သော လူထုခေါင်းဆောင်တို့က မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ သားချင်းများဖြစ်သည်ကိုမေ့လျော့ကာ အချင်းချင်းအပြင်းအထန် ရန်လိုတိုက်ခိုက်ခဲ့ကြသည့်အတွက် သားသမီးများ သဖွယ်ဖြစ်သော တိုင်းသူပြည်သားများမှာ ညှိုးငယ်သောမျက်နှာ၊သိမ်ငယ်သော စိတ်ထားတို့ဖြင့် ဝမ်းနည်းကြေကွဲစွာ နှစ်ပေါင်းများစွာနေလာခဲ့ရပါတယ်။ အခုတော့ တိုင်းပြည်ကံဇာတာဟာ အကောင်းဘက်ကို ဦးတည်လာနေပါပြီစသဖြင့် ရေးသားထားပါတယ်။