တတိယနိုင်ငံတွေအပေါ် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုဆိုင်ရာ ဥပဒေဟာ အာဏာပိုင်တွေနဲ့ အကျိူးတူ ပူးပေါင်းစီးပွားရှာနေတဲ့ လုပ်ငန်းရှင်တွေရဲ့ မိသားစုဝင်တွေအပေါ် အကျိူးမသက်ရောက်ဘူးလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဥရောပသမဂ္ဂတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုပြည့်ဖြိုးတေဇဟာ အီးယူနိုင်ငံတွေမှာ ခရီးသွားခွင့်၊ ပညာသင်ယူခွင့် ရရှိမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ စစ်အစိုးရနဲ့ ရောထွေးယှက်တင် ပါဝင်ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးတေဇနဲ့ မိသားစုကို ဥရောပသမဂ္ဂက ၂၀၀၈ ခုမှာ စီးပွားရေးအရ အပိတ်ဆို့အရေးယူခံ စာရင်းထဲ သွင်းခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ ကိုပြည့်ဖြိုးတေဇက သူ့အနေနဲ့ အစိုးရ စီမံအုပ်ချုပ်ရေး ယန္တရားကနေ အကျိုးကျေးဇူး တစ်စုံတစ်ရာ မခံစားခဲ့ရတဲ့အတွက် အမည်စာရင်း ပယ်ဖျက်ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ဒီအမှုကို ၂၀၀၉ ခု မေလက ဥရောပသမဂ္ဂတရားရုံးက ပယ်ချခဲ့ပြီး တရားရုံး ကုန်ကျစရိတ်အားလုံး ဥရောပသမဂ္ဂကောင်စီကို ကိုပြည့်ဖြိုးတေဇအနေနဲ့ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီစီရင်ချက်ကို ကိုပြည့်ဖြိုးတေဇက အယူခံတင်ခဲ့ပြီး မိမိဟာ အရင်စစ်အစိုးရ အဖွဲ့ဝင်မဟုတ်သလို စစ်အစိုးရနဲ့လည်း ဆက်စပ်မှုမရှိကြောင်း ပြန်လည်ချေပခဲ့ပြီးတဲ့နောက် အခုလို အမှုမှာ အနိုင်ရသွားပါတယ်။