X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှု ကိုဖြိုးဝေအောင်ကို သေဒဏ်အမိန့် ချမှတ်

၂၀၁၀ သြင်္ကန် ရန်ကုန်က X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး စစ်အစိုးရက တရားစွဲဆိုထားတဲ့ ကိုဖြိုးဝေအောင်အမှုကို အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ဒီကနေ့ စစ်ဆေးပြီး သေဒဏ်အမိန့် ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။

အခုလို အထူးတရားရုံးမှာ တရားသူကြီး ဦးအောင်သိန်းက သေဒဏ်အမိန့် ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်ဟိုးက အခုလို ပြောပါတယ်။

“အမှု (၄) မှုပေါ့။ စုစုပေါင်းလေးမှုကို တပေါင်းတည်း ကျခံစေဆိုပြီး သေဒဏ်ပေးထားတယ်။ ပထမ တမှုမှာ ပုဒ်မ (၃) ခုနဲ့ စွဲချက်တင်ထားတယ်။ အဲဒီပုဒ်မ (၃) ခုမှာ ၃၂၁ (ခ) က ကြိုတင် ကြံစည်မှုနဲ့ အစစအရာရာ အားပေးတယ်ဆိုပြီးတော့ သေဒဏ်ပေးထားတယ်။ ၃၂၆ (၁၁၁၄) ဆိုတာက ပြင်းထန်နာကျင်စေအောင် ပြုလုပ်တဲ့အခါ အားပေးတယ်ဆိုပြီး ထောင်ဒဏ် (၁၀) နှစ်၊ နောက်ပြီးတော့ ၃၂၄/ ၁၁၄ ဆိုတာက သာမန်နာကျင်စေမှု ပြုလုပ်တာကို အားပေးတယ်ဆိုပြီး ထောင်ဒဏ် (၃) နှစ်ပေါ့။ နောက်တမှုက ဖောက်ခွဲပုဒ်မ ၃/၆ က ဖောက်ခွဲမှုကို အားပေးကူညီတယ် ဆိုပြီးတော့ ထောင်ဒဏ်က တသက်တကျွန်းပေါ့။ နောက်တမှုက မတရားအသင်း ဆက်သွယ်တယ်ဆိုပြီးတော့ ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် (၃) နှစ်ပေါ့။ နောက်ထပ် တမှုက နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတယ် ဆိုပြီးတော့ လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ဥပဒေ ပြဋ္ဌာန်းချက် ပုဒ်မ ၁၃(၁) အရ ထောင်ဒဏ် (၃) နှစ်၊ အဲဒါ စုစုပေါင်း လေးမှုကို တပေါင်းတည်းကျခံစေ ဆိုပြီးတော့ ချတာပဲ"

အမှုတွဲ (၄) ခု၊ ပုဒ်မ (၆) ခုနဲ့ စစ်အစိုးရရဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်အမှုကို တပေါင်းတည်း သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ မဌေးဌေးက အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်က စုတ်ပြတ်သတ်နေတာပဲ။ ဒီလူတယောက်ကို ဖောက်ခွဲပုဒ်မနဲ့ တရားစွဲမယ်ဆိုရင် နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုမိန့်နဲ့ပဲ တရားစွဲလို့ရတယ်။ အခု ပြည်ထဲရေး ဒုဝန်ကြီးရဲ့ အမိန့်နဲ့ တရားစွဲဆိုခွင့် မရှိဘူး။ ဒါပေမယ့် သူတို့ ဒါတွေစွဲတယ်။ ပြီးတော့ တရားခွင်မှာပေါ့၊ ကြုံတွေ့ရတဲ့ဟာတွေက သက်သေခံဥပဒေဆို တဆင့်ကြားတွေ၊ အကုန်လုံး တဆင့်ကြားတွေကို လက်ခံတယ်။ လက်ခံလို့ရတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီးဆိုရင် အဲဒီလို သတ်မှတ်ထားတဲ့ ဥပဒေပုဒ်မတွေကို ဖျက်သိမ်းပြစ်လိုက်"

သေဒဏ်အမိန့် ချမှတ်ခံရတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းရောဂါ ဝေဒနာခံစားနေရလို့ အင်းစိန်ထောင်တွင်း ဆေးရုံမှာရှိနေပြီး အခုအမိန့်ချပြီးချိန်မှာ စိတ်ဝေဒနာရှင်တွေထားတဲ့ တိုက်ခန်းကို ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့ သူရဲ့ဇနီး မဌေးဌေးက ပြောဆိုသွားပါတယ်။