ကိုဖြိုးဝေအောင်နဲ့ ရှေ့နေနှစ်ဦးကို ရုံးတော် မထေမဲ့မြင်ပြုမှုနဲ့ အရေးယူ

အင်းစိန်ထောင်တွင်း အထူးတရားရုံးက X2Oသြင်္ကန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကိုဖြိုးဝေအောင်နဲ့ သူ့ရှေ့နေနှစ်ဦးကို ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒီကနေ့ ထပ်မံ အရေးယူလိုက်ပါတယ်။

တရားခံ ကိုဖြိုးဝေအောင်က သက်သေအဖြစ် ထွက်ဆိုတဲ့ရုံးချိန်းမှာ အခုလို အရေးယူခံရတာပါ။ အစိုးရရှေ့နေတွေက တရားလိုပြသက်သေတွေရဲ့ ထွက်ချက်တွေကို ကြိုတင်ယူထားပြီး တရားရုံးကို တင်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ကိုဖြိုးဝေအောင်က အဲဒီလို မဖြစ်သင့်ကြောင်း ခုခံချေပ ထွက်ဆိုခဲ့တာကို အစိုးရရှေ့နေက ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့အရေးယူပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့ရုံးချိန်းမှာ လျှောက်ထားတာကို တရားသူကြီးက ဒီကနေ့ လက်ခံလိုက်တာဖြစ်ကြောင်း ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ဟာ ပြောင်းလဲတိုးတက်မှု မရှိသေးဘူးဆိုတာ ကိုဖြိုးဝေအောင်အမှုက သက်သေပြနေတယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။ ၂၀၁၀ ပြည့် X2Oသြင်္ကန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကိုဖြိုးဝေအောင်ကို ကြိုတင်သတ်ဖြတ်ရန်ကြံစည်မှု၊ ဗုံးဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှု တို့ အပါအဝင် စွဲချက် ၆ ချက်နဲ့ ရုံးထုတ် စစ်ဆေးခဲ့တာ ၂ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။