ဆရာဝန်ရာထူးအတွက် ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အချက်နဲ့ ရာထူးဝင်ခွင့်ကို ကျန်းမာရေး ဝန်ကြီးဌာနကပဲ တာဝန်ယူ ရွေးချယ်စေလိုကြောင်း အကြံပြုချက်တွေကိုလည်း အဲဒီ သမ္မတထံ ပေးစာထဲမှာ ရေးသားထားတယ်လို့ ကိုယ်တိုင် စာတင်ခဲ့တဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။
"ရွေးချယ်တဲ့ နေရာမှာလည်း သူတို့ အသုံးပြုနေတဲ့ ရွေးချယ်ရေး စနစ်က ဆရာဝန်တွေနဲ့ ကိုက်ညီမှု မရှိတာကို ကျွန်တော်တို့ တင်ပြတာပါ။ သူတို့မေးခွန်းတွေက ဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်းကို ဖော်ထုတ်ရာ မရောက်ပဲနဲ့ သူတို့အလိုရှိတဲ့ ပုံစံမျိုးကို ဖော်ထုတ် နေတာကြောင့် ကျွန်တော်တို့က တင်ပြတာပါခင်ဗျ။ တခြားအချက်ကတော့ ကျွန်တော်တို့ ၇ ချက်ရေးထားပါတယ်။ တောင်းဆိုချက်နဲ့ သဘောထား ၅ ချက်ရှိပါတယ်။ တောင်းဆိုချက် ၄ ချက်ရှိပါတယ်။ သမ္မတ အိမ်တော်ရော၊ ရုံးကိုရော သွားပါတယ်။ သူတို့က ဒီအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ်ရင် ဋ္ဌာနတွေ၊ ကုမ္ပဏီလိုပဲ ဗဟိုစာတိုက်ကနေ တဆင့်တင်ရမယ်ဆိုလို့ ကျွန်တော်တို့ ဗဟိုစာတိုက်ကနေ သွားတင်ရပါတယ်"
ဆရာဝန်တွေ အလုပ်ရွေးချယ်တဲ့အခါ အရင်ဆုံး ပြည်ထောင်စု ရာထူးဝင်အဖွဲ့မှာ စာမေးပွဲဝင်ဖြေရပြီး ရာထူးရွေးချယ်ရေးမှာ အရင် မဆလခေတ်ကအတိုင်း ရွေးချယ်နေဆဲပဲလို့ ဆရာဝန်တွေက ပြောပါတယ်။ သမ္မတထံ စာရေးသား ပေးပို့ရာမှာ တခြားဝန်ကြီးဌာနတွေကိုလည်း မိတ္တူ ပေးပို့ခဲ့တယ်လို့ သိရတယ်။