ချင်းပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆရာဝန်များထုတ်ဖော်

ချင်းပြည်နယ်အတွင်း မြို့နယ် ၉ မြို့နယ်က အိမ်ထောင်စုတွေကို စစ်တမ်းကောက် လေ့လာချက်အရ တနှစ်တာ ကာလအတွင်း စစ်တပ်နဲ့ အာဏာပိုင်တွေက ကျူးလွန်တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၈၀၀ နီးပါး တွေ့ရှိခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် အခြေစိုက် လူ့အခွင့်အရေးအတွက် ဆရာဝန်များ အဖွဲ့ Physicians for Human Rights (PHR) အဖွဲ့က ဇန်နဝါရီ ၁၉ ရက် ဒီကနေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

0:00 / 0:00

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပြုလုပ်မဲ့ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂက စောင့်ကြည့် အစီရင်ခံနေတဲ့ နိုင်ငံတွေနဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲ မတိုင်မီ တပတ်အလိုမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

'မြန်မာနိုင်ငံ ချင်းပြည်နယ်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု သက်သေ အထောက် အထားများ' လို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ အစီရင်ခံစာမှာ ၂၀၀၉-၂၀၁၀ တနှစ်တာကာလအတွင်း ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ လူဦးရေအလိုက် ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ရာမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၇၆၈ မှု တွေ့ရှိရပြီး စစ်သားတွေက သတ်ဖြတ်ခဲ့မှု ၆ မှု၊ လူပျောက်ဆုံးမှု ၂၉ မှု၊ ညှဉ်းပန်း နှိပ်စက်ခံရမှု ၂၃ မှု၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု ၁၇ မှု တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာ ပြုစုရေးသားရာမှာ ပါဝင်သူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု Johns Hopkings တက္ကသိုလ်က ပါမောက္ခ Dr. Chris Beyrer က ဒီအစီရင်ခံစာ တွေ့ရှိချက်တွေဟာ ချင်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ သိပ္ပံနည်းကျ စာရင်းအချက်လက်နဲ့ သက်သေပြလိုက်တာပါလို့ RFA ကို ပြောပါတယ်။

ဒီအစီရင်ခံစာက ဒီချင်းပြည်နယ် ဝေးလံခေါင်သီတဲ့ ဒေသတွေ အတွင်း အစိုးရ အာဏာပိုင်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်တွေ မယုံနိုင်စရာ အခြေအနေအထိ ဆက်ပြီး ရှိနေတယ် ဆိုတာကို ပြသနေပါတယ်။ ချင်းပြည်သူတွေဟာ လက်ရှိ စစ်အာဏာပိုင်တွေ လက်အောက်မှာ မကြုံစဖူး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေပါတယ်။ ဒီကျူးလွန်နေတာတွေ ရပ်တန့်သင့်ပါတယ်။ နောက် ဒီပြစ်မှု ကျူးလွန်ဖို့ ခိုင်းစေသူနဲ့ ကျူးလွန်သူတွေကို လည်း စုံစမ်း ဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်လို့ ပြောပါတယ်။

ဒီအစီရင်ခံစာ ပြုစုထုတ်ပြန်တဲ့ PHR အဖွဲ့ဟာ ၁၉၉၇ ခုနှစ်က မြေမြှုပ်မိုင်း ပပျောက်ရေးလှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပူးတွဲ ချီးမြှင့်ခံရတဲ့ လူ့အခွင့်အရေးအဖွဲ့ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအတွက် ဆရာဝန်များအဖွဲ့ (PHR) ရဲ့ ချင်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်း စာရင်းပြုစုထားတဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာကို ဗြိတိန်အခြေစိုက် ခရစ်ယာန် သွေးစည်း ညီညွတ်ရေးအဖွဲ့ (CSW) နဲ့ ကနေဒါအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့က ကြိုဆိုလိုက်ပါတယ်။

PHR အဖွဲ့ရဲ့ အစီရင်ခံစာ အပိုင်း (၁) ကို RFA မှ ဦးကျော်မင်းထွန်းက တင်ပြထားပါတယ်။

အသံဖိုင်ယူရန်

အစီရင်ခံစာပြုသူတွေရဲ့ အမြင်နဲ့ ရည်ရွယ်ချက်တွေအကြောင်း အပိုင်း (၂) ကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

လူ့အခွင့်အရေး အစီရင်ခံစာ (၂)

အသံဖိုင်ယူရန်

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက အပိုင်း ၃ ပိုင်းခွဲ တင်ပြနေရာမှာ အခု နောက်ဆုံးအပိုင်းမှာတော့ မြန်မာပြည်တွင်းက ချင်းတိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို စုစည်းတင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

လူ့အခွင့်အရေး အစီရင်ခံစာ (၃)

အသံဖိုင်ယူရန်