ပိုက်လိုင်းဖြတ်သွားမယ့် ရှမ်းပြည်နယ်ဒေသခံတွေ စာတင်


2013.04.05

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖေါက်လုပ်နေတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းမှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံ တောင်သူလယ်သမားတွေရဲ့ နစ်နာချက်တွေအတွက် တောင်သူတွေကိုယ်စား မြောက်ပိုင်း ရှမ်းလယ်သမားကော်မတီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ တောင်းဆိုချက် ၆ ချက်ပါ စာကို ဒီကနေ့ ပေးပို့လိုက်တယ်လို့ ကိုယ်စားလှယ်တွေက RFA ကို ပြောပါတယ်။

အဲဒီစာထဲမှာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဆုံးရှုံးသွားတဲ့ လယ်မြေတွေကို ပေါက်ဈေးအတိုင်း လျော်ကြေးငွေပေးဖို့၊ ရွှေ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက ရရှိတဲ့ အကျိုးခံစားခွင့်တွေကို ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်တွေက ဒေသခံတွေလည်း ခံစားခွင့် ရရှိအောင် ဆောင်ရွက်ပေးဖို့၊ အရည်အသွေးမမီတဲ့ ပိုက်လိုင်းတွေကို အစားထိုး ပြင်ဆင် တပ်ဆင်ပေးဖို့၊ ပေါက်ကွဲမှု ဖြစ်မှာ စိုးရိမ်ရတဲ့ ပိုင်လိုင်းတွေ အားလုံးကို အစားထိုးပြီးမှသာ ဓာတ်ငွေ့နဲ့ ရေနံတွေ လွှတ်ဖို့စတဲ့ အချက်တွေ ပါဝင်ကြောင်း မြောက်ပိုင်း ရှမ်းလယ်သမားကော်မတီမှ သီပေါမြို့နယ် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးစိုင်းအေးက RFA ကို ပြောပါတယ်။

အဲဒီ ရွှေဓာတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၈၀၀ ကျော်ရှိပြီး သုံးပုံတစ်ပုံခန့်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်း၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်စတဲ့ မြို့နယ် ၆ ခုကို ဖြတ်ပြီး ဖေါက်လုပ်နေတာဖြစ်ပါတယ်။

အဲဒီဒေသတွေမှာရှိတဲ့ သစ်တောနဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ၂၀၀၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ရွှေဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၁ ခုနှစ်က စတင်တည်ဆောက်တာဖြစ်ပြီး လာမယ့် မေလပိုင်းအတွင်းမှာ ဓာတ်ငွေ့နဲ့ ရေနံတွေ စတင်လွှတ်တော့မှာလို့ ကြားသိရတဲ့ အတွက် အခုလို စာတင်တာ ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

ရွှေဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရောင်းဝယ်ရေး(MOGE) တို့ ပူးတွဲလုပ်ကိုင်တာ ဖြစ်ပြီး  မြန်မာအစိုးရဖက်က အနှစ် ၃၀ ကြာ ဓာတ်ငွေ့ရောင်းချမှုအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း နှစ်ထောင့်ကိုးရာရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။