မြန်မာနိုင်ငံမှာ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအဆိုကို ပြည်ထောင်စုအစိုးရဆီတင်သွင်းဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတာဝန်ယူနေတဲ့ ရဲအထူးသတင်းတပ်ဖွဲ့ (SB) နဲ့ စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အဖွဲ့တွေဟာ အရည်အချင်းမပြည့်ဝသေးတဲ့အတွက် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောပါတယ်။
"ကျနော်နိုင်ငံအကျိုးအတွက်ကို ရည်ရွယ်ပြီးတင်တာပါ၊ လက်ရှိနိုင်ငံတိုင်းမှာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးလာပြီ၊ အခုကျနော်တို့နိုင်ငံမှာ အာဆီယံဥက္ကဌ တာဝန်ယူရမယ်ဆိုတဲ့အခါမှာ လုံခြုံရေးအရ ပိုအရေးကြီးလာပြီ၊ လက်ရှိအနေအထားအရ နိုင်ငံမှာလုံခြုံရေးတာဝန်ယူတဲ့ SB တို့၊ စရဖ တို့ဆိုတာ အရည်အချင်းပြည့်တဲ့ အနေအထားမရှိဘူးလို့ ကျနော်ကယုံကြည်တယ်၊ ဒါကြောင့် အရည်အချင်းပြည့်ဝတဲ့ ဟိုတုန်းက အမျိုးသားထောက်လှမ်းရေးအဖွဲ့လို အဖွဲ့မျိုးဖွဲ့စည်းဆောင်ရွက်ဖို့လိုပြီဆိုတဲ့သဘော တင်လိုက်ပါတယ်"
အဲ့ဒီအဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး နယ်စပ်နဲ့ လုံခြုံရေးရာဝန်ကြီးက ပြည်ထောင်စုအစိုးရကိုတင်သွင်းဖို့ သဘောတူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်က ပြောပါတယ်။