ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် ညီလာခံကျင်းပ


2013.05.23

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို မေလ ၁၇ ရက်နေ့ကစပြီး  ၅ ရက်ကြာကျင်းပခဲ့ရာမှာ  ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပရေးနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေးတွေ ဆက်လက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။  

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီး မြန်မာနိုင်ငံတွင်းက လေဗွာတပ်စခန်းမှာ ကျင်းပခဲ့တဲ့ အဲဒီညီလာခံမှာ  ဥက္ကဌသစ်အဖြစ် တင်မြောက်ခံရတဲ့ ဦးခွန်မြင့်ထွန် က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ PNLO က ပအိုဝ်းအမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းရေးအတွက် လှုပ်ရှားကြတာဖြစ်ပါတယ်၊ ကျနော်တို့ ပအိုဝ်းအမျိုးသားတွေမှာ မူဝါဒအရ ကွဲပြားမှုမရှိဘူး၊ သို့သော်လည်း ကျနော်တို့က လက်ရှိအခြေအနေအပေါ်မှာ ရပ်တည်ရတဲ့ဟာတွေကတော့ အသွင်သဏ္ဌန်အရ မတူတာတွေရှိတယ်၊ ကျနော်တို့အခြေအနေက အဖွဲ့အစည်းခြင်းတူချင်မှ တူကြမယ်၊ သို့သော်လည်း အဖွဲ့အစည်းအခြေအနေတွေက ဘယ်လိုကွဲပြားသည်ဖြစ်စေ အမျိုးသားရေးမှာတော့ တစ်မူတည်း တစ်သံတည်းရပ်တည်ပြီး လုပ်ကြဖို့လိုပါတယ်၊ ဒါကြောင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ ညီလာခံကြီးခေါ်ပြီးတော့ ကျနော်တို့အမျိုးသားရေးအတွက် ဘယ်လိုရပ်တည်ဆောင်ရွက်ကြမယ်ဆိုတဲ့ဟာကို ညှိနှိုင်းကြဖို့ဖြစ်ပါတယ်၊"

ဒါ့အပြင် နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့အတွက်  ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပူးပေါင်းဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"လက်ရှိအခြေအနေမှာ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်တာတွေရှိတယ်၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီနိုင်တဲ့ နေရာတွေရှိတယ်၊ ထို့နည်းတူပဲ အပစ်အရပ် တင်းမာတဲ့နေရာတွေလည်းရှိတယ်၊ ရှိကြတော့ အားလုံးရဲ့အခြေခံကတော့ နှစ်ပေါင်း ၆ဝ ကျော်ကြာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မှာ အဓိကကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းတယ်ဆိုတာဟာ သမိုင်းတစ်လျှောက်မှာ အဲဒါမလုပ်နိုင်ဘူး၊ မတ်လ ၂၃ ရက်နေ့မှာလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာကတည်းက ကျနော်တို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO က အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်ပါဝင်နေတဲ့ UNFC တပ်ပေါင်းစုနဲ့ တစ်ပေါင်းတစ်စည်းတည်း ဆွေးနွေးသွားမယ်ဆိုတဲ့အချက်ကို ကျတော်တို့ မှတ်တမ်းတင်ခဲ့ပါတယ်၊ ဒါကြောင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးခဲ့အခါမှာရော UNFC တပ်ပေါင်းစုနဲ့ တစ်ပေါင်းတစ်စည်းတည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်"

အဲဒီညီလာခံကနေ ဥက္ကဌအဖြစ် ဦးခွန်မြင့်ထွန်း၊ ဒု ဥက္ကဌအဖြစ် ဗိုလ်မှူးကြီး ခွန်သူရိန်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး အောင်ကျော်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ခွန်သောမတ်စ်၊ တွဲဖက်အထွေထွေအတွင်းရေးမူး ၂ အဖြစ် နန်းနွယ်နွယ်တို့ကို အသစ်ပြန်လည်ရွေးချယ် ခန့်အပ်ခဲ့ကြပါတယ်။

ယခင် ဥက္ကဌ တာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဗိုလ်မှူးချူပ် ခွန်တိဆောင်တို့ကိုတော့ PNLO အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် နာယကကြီး တွေအဖြစ် တာဝန်ပေးခန့်အပ်ခဲ့ပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်ရဲ့ ညီလာခံကို ပြည်တွင်းပြည်ပက PNLO အဖွဲ့ဝင် ညီလာခံ ကိုယ်စားလှယ်တွေအပြင် ဒေသအသီးသီးက ရဟန်းသံဃာတော်တွေ၊ လူထုကိုယ်စားလှယ်တွေ၊ လေ့လာသူတွေနဲ့ မဟာမိတ်ခေါင်းဆောင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။