ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နောင်တောင်ကီကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့အကြား ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ကြမယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအဆက်မဖြစ်ဖို့အတွက် လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် ဆွေးနွေး မှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလိုပြော ပါတယ်။
"ရက်အတိအကျတော့ ပြောလို့မရသေးဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ သူ့ဘက်ကိုယ့်ဘက်မှာ သွားလာမှှုကအစပေါ့လေ၊ အဲ့ဒါလေးတွေ လိုအပ်တာတွေ ကျနော်တို့ ပြင်ဆင်ရတာတွေရှိတယ်၊ ဒါပေမယ့်လို့ ၁၅ ရက်မတိုင်ခင်မှာတော့ ကျနော်တို့သွားဖို့ရှိပါတယ်၊ ညှိနှိှုင်းဖို့ကတော့ ဆောင်ရွက်နေ တဲ့အနေအထားတွေ၊ ရပ်တည်နေတဲ့အနေအထားတွေကတော့ ဆက်လက်ရပ်တည် ဆောင်ရွက် သွားနိုင်ဖို့ အနေအထားတွေကတော့ အဓိကအချက်ပါပဲ၊ တစ်ဖက်နဲ့ တစ်ဖက်ကတော့ ပြဿနာတွေဖြစ် ခဲ့တာတွေ ဖြေရှင်းပြီး နောက်ထပ်မဖြစ်ဖို့ပေါ့လေ၊ တစ်ဖက်နဲ့ တစ်ဖက် အေးအေးချမ်းချမ်းနဲ့ နားလည်မှှုရှိရှိနဲ့ ဆက်လက်ရပ်တည်သွားနိုင်ဖို့ပေါ့ဗျာ၊ အဓိကကတော့ အဲ့ဒီအချက်ပါပဲ"
စက်တင်ဘာလ ၃ ရက်နေ့ မနက်က ၄ နာရီကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိပေမဲ့ သတင်းမထုတ်ပြန်ဖို့ သဘောတူထားတယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ကဒူးကြီးဒေသကနေ ထွက်သွားဖို့ RCSS/SSA က သြဂုတ်လ ၃ ရက်၊ ၁၅ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ စာတွေပေးပို့ခဲ့ပြီး စက်တင်ဘာလ ၃ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
