အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ အဖွဲ့ကသိမ်းယူထားတဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းက မြေယာတချို့ကို အစားထိုးမြေနေရာတွေ ပြန်ပေးမယ်လို့ RFA ကို ပြောပါတယ်။
တောင်ကြီးမြို့နယ် နားဘောင်ဒေသ ထီဟန်ဆွေးကျေးရွာသားတွေပိုင်ဆိုင်တဲ့ မြေနေရာတချို့ကို အကွက်ရိုက်ပြီး တစ်လအတွင်း ပြန်ပေးသွားမယ်လို့ PNO တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်လာ က ပြောပါတယ်။
၁၉၉၈ ခုနှစ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က သိမ်းယူထားတဲ့ နားဘောင်ဒေသက လယ်ယာဥယျာဉ်ခြံမြေဧက ၇ဝဝ ကျော်ထဲက ဒေသခံ ၄၆ ဦး တင်ပြတောင်းခံထားတဲ့ မြေနေရာတွေအတွက် အစားထိုးမြေနေရာတွေပေးမှာ ဖြစ်ပါတယ်။