အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာ သားတွေကြားဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး PNO အဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို တောင်ကြီးမြို့နယ် နန်းဟောင်း ကျေးရွာအုပ်စုမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒီပဋိပက္ခဟာ မောက်စံကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ချို့ရဲ့ မမှန်မကန်စည်းရုံးမှုတွေကြောင့် ဖြစ်ပွားခဲ့ရတာလို့ PNO အဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက RFA ကို ပြောပါတယ်။
“NLD ရဲ့ အောက်ခြေတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက စည်းရုံးမှုမမှန်မကန်လို့ဖြစ်ရတာပါ၊ အခုဟာက ပါတီဝင်ရရင်ပြီးရောဆိုတဲ့သဘောဖြစ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်ပွားရခြင်းဖြစ်ပါတယ်၊ ဒါကို NLD ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နောက် NLD ရဲ့ ဥက္ကဌကြီးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ဥက္ကဌကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ မိမိပါတီအောက်ခြေရဲ့ လုပ်နေတဲ့လုပ်ဆောင်ချက်ကို သေချာစိစစ်ပေးပါလို့ ကျနော်မေတ္တာရပ်ခံလိုပါတယ်”
ပြီးခဲ့တဲ့ မေလအတွင်းက မောက်စံကျေးရွာသားတွေက အသိမ်းခံထားရတဲ့ လယ်ယာမြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးရာမှာ PNO တပ်ဖွဲ့ဝင်တချို့က ရွာသားငါးဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီငါးဦးဟာ မောက်စံကျေးရွာ NLD ပါတီဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ကျေးရွာသားတွေက အန်အယ်လ်ဒီပါတီဝင်အဖြစ်ကနေ နှုတ်ထွက်စာတင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲကို PNO အဖွဲ့က တာဝန်ရှိသူတွေ၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ရပ်စောက်မြို့နယ်တွေက ဒေသခံတောင်သူ စုစုပေါင်း ၁ဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။