Podesta အဖွဲ့ကို မြန်မာတွေ ကန့်ကွက်

မြန်မာအစိုးရ အကျိုးစီးပွားတွေ အကျိုးဆောင်ပေးမယ့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ဟာ မိမိရဲ့ နိုင်ငံရေး ကျင့်ဝတ်နဲ့ ပညာရှင်ဆိုင်ရာ ကျင့်ဝတ်တွေကို အလေးအနက်ထား စဉ်းစားသင့်တယ်လို့ မြန်မာ-အမေရိကန်တွေနဲ့ မြန်မာ့မိတ်ဆွေတွေက တိုက်တွန်းလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ၊ မေရီလဲန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်နဲ့ အနောက်ဗာဂျင်းနီးယား ပြည်နယ်တွေက မြန်မာ မိသားစုတွေက Podesta အကျိုးဆောင်အဖွဲ့ကို မနေ့က သွားရောက်ပေးပို့တဲ့ ကန့်ကွက်စာမှာ အဲဒီလို တိုက်တွန်းထား တာပါ။

အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို မြန်မာအစိုးရကိုယ်စား စည်းရုံးပေးဖို့ ဒီအကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရက တစ်နှစ်ကို ဒေါ်လာ ရှစ်သိန်းလေးသောင်းနဲ့ ငှားရမ်းထားတာပါ။ တိုင်းပြည်က နိမ့်ကျနေတဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ မသုံးတဲ့အတွက် ကန့်ကွက်တာလို့ ဒီပဲရင်း အကြမ်းဖက်ခံရမှုက လွတ်မြောက်လာပြီး ခု အနောက် ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ ဒေါ်ခင်အေးမြင့်က ပြောပါတယ်။

"ကျမတို့ မြန်မာပြည်မှာ ပညာရေးကဏ္ဍတွေ၊ ဆေးဝါးကဏ္ဍတွေ၊ အဲ့ကဏ္ဍတွေမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ အချက်တွေကို မသုံးဘဲနဲ့ ဒီအကျိုးဆောင်အဖွဲ့ကို ဒေါ်လာ ၈ သိန်းပေးတဲ့ မြန်မာအစိုးရ ကိုလည်း ကန့်ကွက်ပါတယ်၊ ဒီအကျိုးဆောင်အဖွဲ့ကိုလည်း ကျမတို့ ကန့်ကွက်ပါတယ်"

Podesta အကျိုးဆောင်အဖွဲ့ကို ပေးတဲ့ အိတ်ဖွင့်ပေးစာမှာ စစ်တပ်က ချုပ်ကိုင်ပြီး ဖိနှိပ်တဲ့ အစိုးရအဆက်ဆက်မှာ လူ့ဂုဏ်သိက္ခာရှာဖွေကြသူတွေ အကျဉ်း ကျရ၊ တချို့တောထဲရောက်ရပြီး တချို့လည်းလမ်းတွေပေါ်မှာ အသက်ဆုံးရှူံး ရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအစိုးရဟာ မမှန်ကန်တဲ့နည်းနဲ့ ရွေးကောက်ပွဲကနေတဆင့် အာဏာရလာတဲ့အတွက် ပြည်သူလူထုကို ကိုယ်စား မပြုတဲ့အကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့နဲ့ အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်မူကြမ်း လက်မှတ်ရေးထိုးပြီး မကြာခင်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားတဲ့အကြောင်း၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဟာ အရင်စစ်အစိုးရလက်ထက်က ထိပ်တန်း အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့အကြောင်းတွေလည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဒီစာ မိတ္တူကို အမေရိကန်ကွန်ဂရက်ကိုလည်း ပေးပို့လိုက်တယ်လို့လည်း ပြောပါတယ်။