ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ စာသားပါ လက်ကမ်းစာစောင်တွေကို မြို့နယ် ပေါင်း ၁၁ မြို့နယ်မှာ လိုက်လံဝေငှခဲ့တဲ့ ဒီမိုကရေစီ စဉ်ဆက် မပြတ်လှုပ်ရှားမှုအဖွဲ့ (MDCF) ခေါင်းဆောင် ကိုထင်ကျော်ကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက ဒီနေ့ ဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်တရားစွဲဆိုလိုက်ပါတယ်။
ဒီနေ့မနက်က တောင်ဥက္ကာပမြို့နယ် နန္ဒဝန်ဈေးမှာ ‘ပြည်ထောင်စုအစိုးရ အလိုမရှိ’ ဆိုတဲ့ စာရွက်တွေဝေ ပြီး ဟောပြောပွဲတွေလုပ်နေစဉ်မှာ ဖမ်းဆီးလိုက်ပြီး အာမခံမပေးဘဲ အင်းစိန်ထောင်ကို ပို့လိုက်တာလို့ ကိုထင်ကျော်ရဲ့ဇနီး မသန်းသန်းမော်က ပြောပါတယ်။
"ကိုထင်ကျော်ကို ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ် မှာ တောင်ဥက္ကာပမြို့နယ် နန္ဒဝန်ဈေးမှာ အစိုးရကို အယုံအကြည်မရှိကြောင်း ကြေညာချက်တွေကို သူစာဝေတယ်၊ ဟောပြောတယ်၊ ၉ နာရီလောက်မှာ ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ တောင်ဥက္ကလာ ရဲစခန်းကနေပြီးတော့ လာပြီးတော့ဖမ်းတယ်ပေါ့၊ စာဝေပြီးတဲ့ အားလုံးပေါင်း မြို့နယ် ၁၁ မြို့နယ်ကနေပြီးတော့ ၅ဝ၅(ခ)နဲ့ တရားစွဲပြီးတော့ တောင်ဥက္ကလာရဲစခန်းက တရားရုံးပို့တယ်၊ အာမခံမပေးဘဲနဲ့ အင်းစိန်ထောင် ကို ခေါ်သွားတယ်"
ကိုထင်ကျော်ကို တောင်ဥက္ကလာပမြို့နယ်အပြင် ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် ၁၀ မြို့နယ်က ရဲစခန်းတွေကလည်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
လက်ရှိပြည်ထောင်စုအစိုးရ တာဝန်ယူခဲ့တဲ့ ၃ နှစ်တာကာလအတွင်း လယ်သမား၊ အလုပ်သမား၊ လယ်ယာမြေ အငြင်းပွားမှု၊ ကုန်ဈေးနှုန်းစတဲ့ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်လို့ဆိုပြီး ကိုထင်ကျော် ဦးဆောင်တဲ့ MDCF အဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၁၁ မြို့နယ် နဲ့ မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၃ မြို့မှာ လက်ကမ်း စာစောင်တွေ ဝေငှခဲ့တာဖြစ်ပါတယ်။
