ပေါက်တောမြို့နယ် လူသတ်မှု သံသယရှိသူတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ရက်နေ့က ဒေသခံရခိုင်အမျိုးသမီးတချို့ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို မနေ့ညက ရဲတွေကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားဟာ ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်းမှာ နေထိုင်သူဖြစ်တယ်လို့ ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

“အဲဒီမှာလှုပ်ရှားနေတဲ့ မြို့နယ်မှူးတို့၊ ဒုမြို့နယ်မှူးတို့၊ ခရိုင်မှူးတို့အဖွဲ့တွေက ဖမ်းလိုက်တာပေ့ါ၊ ညအချိန်မှာဖမ်းတာ၊ အဲဒီနေရာမှာ ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တွေ အရာရှိကြီးတွေကဦးစီးပြီးတော့ အဲဒီမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေးကို သူတို့လုပ်နေပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ဆင်အိုင်ကျေးရွာသူတစ်ချို့ ဂုံးကောက်နေစဉ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးက စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။