ဖားကန့်မှာ ကျောက်တူးသမား ၅ဝ ကျော် ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာနဲ့ သာယာကုန်းကျေးရွာနားတစ်ဝိုက်က အမျိုးသားကြီးပွားတိုးတက်ရေး၊ ခိုင်လုံ၊ ကြိုင်အင်တာနေ ရှင်နယ်စတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေထဲမှာ တစ်နိုင်တပိုင် ကျောက်စိမ်းတူးဖော်နေသူတွေထဲက ၅ဝ လောက်ကို တပ်မ ၁ဝ၁ လက်အောက်ခံ လှုပ်ရှားတပ်နဲ့ လုံခြုံရေးအဖွဲ့က ဖားကန့်မြို့နယ်ရဲစခန်းကို ဒီနေ့မနက်ပိုင်း က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲ့ဒီလုံခြုံရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာသူတွေကြားမှာ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ အခုလိုဖမ်းဆီးသွားတာလို့ လုံးခင်းကျေးရွာ NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"အယောက် ၅ဝ ကျော်ကို တပ်မ ၁ဝ၁ က ဖမ်းသွားပါတယ်ခင်ဗျ၊ ဒီအတိုင်းတွေ့တဲ့လူကို သူတို့လိုက်ဖမ်းနေတယ်၊ ပြေးတဲ့သူကပြေးတယ်၊ မိတဲ့လူကိုဖမ်းတင်ပြီးတော့မှ သူတို့ဖမ်းသွားပါတယ်၊ ပြဿနာတစ်ခုတက်ထားတယ်ခင်ဗျ၊ လွန်ခဲ့တဲ့လေးရက်လောက်က ရဲဘော်တစ်ယောက်ခေါင်းမှာ ကျောက်ခဲမှန်လို့ပေါက်သွားတယ်၊ အဲဒီကစပြီးတော့ လိုက်ဖမ်းနေပါတယ်ခင်ဗျ"

ဒီနေ့မနက်ပိုင်း ဖမ်းဆီးမှုတွေဖြစ်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး မှော်စီစာကျေးရွာရဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကလည်း အခုလိုရှင်းပြပါတယ်။

"အဲဒီလူ ၅ဝ လောက်ကို ရဲစခန်းကိုခေါ်သွားမယ်ဆိုတာ သိရပါတယ်ခင်ဗျ၊ ဖားကန့်ရဲစခန်းပါ၊ ရဲအဖွဲ့နဲ့ စစ်တပ်အဖွဲ့တွေပါတယ်၊ ၁ဝ ဘီးကားကြီးနဲ့ တင်ခေါ်သွားပါတယ်"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်တပိုင်ကျောက်ရှာဖွေသူတွေ သောင်းနဲ့ချီရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။