ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က တော်ဝင်သစ်အချောထည် စက်ရုံမှာ စက်ရုံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရပဲ စက်ရုံထဲဝင်ရောက်ခဲ့တဲ့ အလုပ်သမား ၄၂ ဦးကို လှော်ကားရဲစခန်းက ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပြီး မနေ့ညနေပိုင်းမှာ အဲ့ဒီထဲက အလုပ်သမား ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ အဖမ်းဆီးခံရသူ ကိုနေလင်းဦးရဲ့ ဖခင်ဦးသန်းနိုင်က RFAကို အခုလို ပြောပါတယ်။
“နေပြည်တော်က အထက်အမိန့်အရ ပုဒ်မ ၄၅၂ ပိုင်နက်ကျူးလွန်မှုနဲ့ စွဲထားတဲ့ ပုဒ်မပေါ့နော်၊ အဲပုဒ်မနဲ့ သူတို့ကို တရားခံဖြစ်တဲ့အတွက် ဖမ်းတာပါလို့ သူတို့ပြောတယ်၊ အဲအချိန် မှာ နေလင်းဦးက အထက်ကအမိန့်အတိုင်း ဖမ်းဝရမ်းပါရင် အဖမ်းခံမယ်၊ တရားခံမဟုတ်တဲ့ အတွက် အဖမ်းမခံနိုင်ဘူး၊ သူပြောတဲ့အချိန်မှာ ရဲလေးယောက်က အိမ်ပေါ်အတင်းတက်ပြီးတော့ လက်ထိပ်ခတ်ပြီး အတင်းဆွဲချသွားတာ”
ဦးဆောင်ဆန္ဒပြခဲ့တဲ့ ကိုနေလင်းဦး၊ ကိုဖြိုးမောင်မောင်၊ ကိုထွန်းထွန်းဝင်း၊ မအိဇာဖြူ၊ မဝင်းဝင်းတင် အပါအဝင် အလုပ်သမား ၁၂ ဦးကို ဒီကနေ့ ရွှေပြည်သာမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တော်ဝင်သစ်အချောထည် စက်ရုံဝင်းထဲကို အလုပ်သမားတွေ ဝင်ရောက်ဖျက်ဆီးခဲ့တာတွေရှိခဲ့ပြီး အဲ့ဒီကိစ္စနဲ့ဆက်စပ်လို့ အလုပ်သမား ၄၂ ဦးစလုံးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားရာမှာ ၁၂ ဦးကို အရင်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီအဖမ်းခံထားရတဲ့ အလုပ်သမား ၁၂ ဦးကို တရားရုံးကနေတဆင့် အင်းစိန်ထောင်ကို ပို့လိုက်ပြီး လာမယ့်မေလ ၂၈ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။
အလုပ်သမားတွေအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။