KIA ထံတိုင်ကြားသူလေးဦး အမှုဖွင့်ခံရ


2016.03.17
kia-soldiers-620.jpg ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူနေတဲ့ KIA စစ်သားနှစ်ဦးကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငွေကြေးအရှုပ်အရှင်းတစ်ခုကိုဖြေရှင်းပေးဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေအဖွဲ့ထံ တိုင်ကြားခဲ့တဲ့ ဒေသခံ လေးဦး ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ မြစ်ကြီးနားမြို့ မြို့မ အမှတ် ၁ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို မဖြေရှင်းခိုင်းဘဲ ကေအိုင်အေအဖွဲ့ကို ဆက်သွယ်ပြီး တိုင်ကြားတာကြောင့် ပုဒ်မ ၁၇ (၁) နဲ့ မနေ့က အမှုဖွင့်လိုက်တာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မြင့်ထူး က ပြောပါတယ်။

"ဒီကချင် အချင်းချင်းပဲ သူတို့ဘာသာသူတို့ ပိုက်ဆံပြန်မပေးတဲ့ကိစ္စနဲ့  ကေအိုင်အေကို သွားတိုင်တာပေါ့၊ ပါတဲ့လေးဦးပေါ့နော်၊ သူတို့ဒီဘက်က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မဆောင်ရွက်ဘဲနဲ့ ကေအိုင်အေအဖွဲ့ကို ဆက်သွယ်ဆောင်ရွက်တဲ့အတွက် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ အရေးယူဖို့အတွက် အမှုဖွင့်ဆောင်ရွက်ထားတာပါ"

မြစ်ကြီးနားမြို့ တပ်ကုန်း ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ငွေကျပ်သိန်းနှစ်ရာပြန်ပေးဖို့ ပျက်ကွက်လို့ ဆိုပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း လေးဦးက ကေအိုင်အေတပ်ရင်း ၁၁ ထံ တိုင်ကြားခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီလိုတိုင်ကြားမှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ကားတစ်စီး၊ ဆိုင်ကယ် ငါးစီး နဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် ဆယ်ယောက်ကျော်လောက်ဟာ တိုင်ကြားခံရသူ အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မနေ့က ပြန်လွှတ်ပေး ခဲ့ပါတယ်။

အဲ့ဒီကိစ္စဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က RFA ကို အတည်ပြုပြောပါတယ်။ကေအိုင်အေထံ တိုင်ကြားသူ လေးဦးဟာ လတ်တလော ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာရဲ့မြောက်ဘက် ၁ဝ မိုင်အကွာမှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။