ရဲတပ်ဖွဲ့က မောင်တောမြို့နယ်မှာ ရိုက်နှက်တဲ့ဗီဒီယို ပြန့်နှံ့နေ


2017.01.01
police-hit-620.jpg မောင်တော်မြို့နယ်က မွတ်ဆလင်တွေကို ရိုက်နှက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Ro Nay San Lwin/ Facebook

Facebook မှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာပါတဲ့ မောင်တော်မြို့နယ်က မွတ်ဆလင်တွေကို ရိုက်နှက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို ဖမ်းဆီးထားပြီး ဆက်လက် စုံစမ်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အဲဒီ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ဟာ မောင်တောမြို့နယ် ကိုးတန်ကောက်ကျေးရွာမှာ နိုဝင်ဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ မကြာခင် သတင်းထုတ်ပြန်ပေးမှာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

"ဗီဒီယိုဖိုင်မှာပါတဲ့ ရိုက်တဲ့ရဲရယ်၊ ခြေထောက်နဲ့ကန်တဲ့ ရဲရယ်ပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အခု သူတို့ကို အရေးယူဖို့လုပ်နေပြီ။ တချို့လည်း ဖမ်းထားပြီးပြီ။ ထိန်းသိမ်းထားပြီးပြီ။ ဒီဟာတွေလုပ်တဲ့ အချိန် မှာ ဥပဒေနဲ့အညီပဲလုပ်ရမယ်။ လူ့အခွင့်အရေး မချိုးဖောက်ရဘူးလို့ အဆင့်ဆင့် ညွှန်ကြားထားပြီး သားဖြစ်တယ်။ အခုလိုဖြစ်စဉ်မျိုးဖြစ်တဲ့ဟာမှာ ကျနော်တို့ ဒါကိုတော့ ခွင့်မလွှတ်ဘူး။ ဒါကို ရဲဘက်ကလည်း စုံစမ်းစစ်ဆေးရေး ဒီနေ့ပဲလုပ်နေပြီ။ လုပ်ပြီးတော့ အရေးယူမယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ကလည်း သတင်းထုတ်ပေးမယ်"

လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေအတိုင်းသာ ဆောင်ရွက်ခွင့်ရှိပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု လုပ်လို့မရကြောင်း ညွှန်ကြားထားပြီးဖြစ်သလို တခြားနေရာမှာ အလားတူအဖြစ်အပျက် တွေရှိသလား ဆိုတာကိုလည်း စုံစမ်းဖေါ်ထုတ်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

လူမှုကွန်ယက်မှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ မွတ်ဆလင်တွေကို ရိုက်နှက်နေ တာတွေပါရှိပြီး အဲဒီဗီဒီယိုဖိုင်ကို ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မောင်တော့မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းကတော့ ရဲတပ်ဖွဲ့ဥပဒေတွေအရ ဖမ်းဆီးထားသူ တွေကို အဲဒီလို အကြောင်းမဲ့ ရိုက်နှက်ခွင့် မရှိဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲဌာန ချုပ်အပါအဝင် ရဲဌာန ၃ ခုကို အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးနယ်မြေကြေညာကာ နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။