ယူနတီ သတင်းဂျာနယ် ရုံးအဖွဲ့မှူး ခေါ်ယူစစ်ဆေးခံရ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျို့ဝှက်ဓါတုလက်နက်စက်ရုံလို့ ခေါင်းစီးတပ်ထား တဲ့ ဆောင်းပါးနဲ့ဆက်နွယ်ပြီး ဂျာနယ်က ယူနတီ သတင်းဂျာနယ်ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်း ကို ဖေဖေါ်ဝါရီ ၅ရက်နေ့ မနက်အစောပိုင်းက အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးအောင်ဝင်းထွန်းကို အမည်မသိ အရာရှိနှစ်ဦး က မေးမြန်းစရာရှိလို့ဆိုပြီး အောင်သပြေ စစ်ကြောရေးစခန်းကို ခေါ်ဆောင်စစ်ဆေး ခဲ့တာဖြစ်တယ်လို့ ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

အရာရှိသုံးဦးက အဓိကစစ်ဆေးခဲ့ကြပြီး၊ ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့သတင်းကို ဘယ်လိုနည်းနဲ့ ရခဲ့သလဲဆိုတာ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ကလည်း ကျနော့်ကို စတွေ့ကတည်းက ပြောပါတယ်၊ သူတို့ သိချင်တဲ့အချက်လေး မေးရုံပါပဲလို့ပြောတယ်၊ လက်ရှိဖြစ်နေတဲ့သတင်းကို ဘယ်ကနေယူသလဲပေါ့၊ ကျနော့်အပိုင်းကတော့ မသိဘူးပေါ့၊ ကျနော်ကတော့ ရုံးအဖွဲ့ပိုင်းမှာပေါ့ ဒီရုံးအဖွဲ့နဲ့ ပတ်သက်တာတွေ ကျနော်လုပ်ရတာလေ၊ ဒီသတင်းကျနော်မလုပ်ရတော့ မသိဘူးဆိုတဲ့ဟာ ပြောပါတယ်"

ယူနတီဂျာနယ်က အမူဆောင်အရာရှိချုပ် အပါအဝင် သတင်းထောက် ၄ ဦးနဲ့ ပေါက်မြို့နယ်က သတင်းထောက် ၁ ဦး၊ ပေါင်း ၅ ဦးကို ဖေါ်ပြပါဆောင်းပါးနဲ့ ဆက်နွယ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားတဲ့ ပုဒ်မ ၃(၁) (က)/၉ နဲ့ အမူဖွင့်အရေးယူထားပါတယ်။

ယူနတီဂျာနယ်ရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီစက်ရုံဟာ ကာကွယ်ရေးဝန်ကြီးဌာနက စက်ရုံဖြစ်ပြီး ဓါတုလက်နက်စက်ရုံ မဟုတ်ကြောင်း ပြောဆိုပါတယ်။

အခုလို ဂျာနယ်ဖေါ်ပြချက်အပေါ် အရေးယူတာနဲ့ ပတ်သက်လို့ ဥပဒေပညာရှင်တချို့ကတော့ ဒီပုဒ်မဟာ ကိုလိုနီခေတ်က ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီနေ့ခေတ်နဲ့ ကိုက်ညီမူမရှိဘူးလို့ ပြောဆိုကြသလို ဂျာနယ်မှာ ဆောင်းပါးဖေါ်ပြတာဟာ ပြစ်မူမမြောက်ဘူးလို့ ဝေဖန်ကြပါတယ်။