ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေနဲ့ ဒေသခံတွေ အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃ ဦးသေဆုံးမှုရှိတယ်လို့ အေပီနဲ့ အေအက်ဖ်ပီသတင်း မှာ ဖော်ပြထားပေမယ့် မြောက်ဦးမြို့နယ်ရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကတော့ ရွာခံ ၄ ဦး ဒဏ်ရာရရှိပြီး၊ သေဆုံးသူတွေကိုတော့ အတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ နေထိုင်သူတွေအနေနဲ့ ပြည်နယ်အစိုးရက နေအိမ် ၁ဝ ခန်းတွဲပါတဲ့ တန်းလျား ၁၆ လုံးနဲ့ နေရာချထားရေးအစီအစဉ်ကို ကန့်ကွက်ပြီး လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်းဆို ချက်တွေကြောင့် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာလို့လည်း အဲဒီရဲအရာရှိက ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ကျေးရွာအနီး လုံခြုံရေးတွေချထားပြီး ကျေးရွာသားတွေနဲ့ အာဏာပိုင်တွေအကြား ဒီကနေ့ မနက်ပိုင်းက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် ပုရိန်ကျေးရွာမှာ နေအိမ်တွေရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။